<

ဧပြီလလယ်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၂၇၀၀ ကျော် ဘေးဒုက္ခကြုံတွေ့

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်တွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် အိုးအိမ်ပျက်စီးခဲ့သည့် မိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး)

ယခုရက်ပိုင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၂၇၀၀ ကျော် ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ကျေးရွာအုပ်စုသုံးစု၌ ဧပြီ ၁၆ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံး ပြိုလဲပျက်စီးပြီး နေအိမ် ၁၅၄ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ငါးကျောင်း အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု ၁၅၆ စုမှ လူဦးရေ ၆၀၁ ဦး ဘေးဒုက္ခကြုံတွေ့ခဲ့သည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက ဘေးသင့်ဒေသသို့ သွားရောက်၍ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေကျပ် စုစုပေါင်း ၇၃၈၆၆၄၄ ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် ကျေးရွာအုပ်စုလေးစု၌ ဧပြီ ၁၆ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၄ လုံး ပြိုလဲပျက်စီးပြီး နေအိမ် ၄၉၉ လုံးနှင့် ဘုန်းတော်ကြီးကျောင်း လေးကျောင်း အမိုးလန်ပျက်စီးခဲ့ကာ အိမ်ထောင်စု ၅၃၃ စုမှ လူဦးရေ ၂၀၂၂ ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးတာဝန်ရှိသူများက ယနေ့တွင် ဘေးသင့်ဒေသသို့သွားရောက်၍ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကျောင်းဆောက်ပစ္စည်းဖိုး၊ သေဆုံးသူထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေကျပ် စုစုပေါင်း ၃၂၇၈၆၁၄၄ ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကျေးရွာအုပ်စု ခုနစ်စုကျေးရွာ ၁၅ ရွာ၌ ဧပြီ ၁၇ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်အလုံး ၄၀ အမိုးလန်ပျက်စီးခဲ့သဖြင့် အိမ်ထောင်စု ၄၂ စုမှ လူဦးရေ ၁၄၄ ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိမှုအရ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ဟင်္သာတခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများက ယနေ့တွင် ဘေးသင့်ဒေသသို့ သွားရောက်၍ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေကျပ် စုစုပေါင်း ၃၃၁၂၀၀၆ ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျေးရွာအုပ်စုသုံးစု၊ ကျေးရွာငါးရွာ၌ ဧပြီ ၁၅ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၅၆ လုံးနှင့် ဘာသာရေးအဆောက်အအုံ လေးလုံး အမိုးလန်ပျက်စီးခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ယနေ့တွင် အိမ်ဆောက်ပစ္စည်းဖိုး၊ ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုး ငွေကျပ်စုစုပေါင်း ၆၅၆၉၄၈၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

April 19, 2018














Copy Protected by Chetan's WP-Copyprotect.