ကျောက်မဲတွင် ဌာနဆိုင်ရာ ခရိုင်မှူးအား အငယ်တန်းစာရေးက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား

ကျောက်မဲတွင် ဌာနဆိုင်ရာ ခရိုင်မှူးအား အငယ်တန်းစာရေးက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား
Published 20 April 2018

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်မှူးအား အငယ်တန်းစာရေးက ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ဧပြီ ၁၉ ရက်တွင် သိရသည်။

ဖြစ်စဉ်မှာ ခရိုင်မှူး ဦးအောင်ကျော်မိုးသည် (၃၄ နှစ်)သည် ဧပြီ ၁၈ ရက် ညပိုင်းတွင် သောက်စားမူးယစ်ပြီး အိမ်ပြန်လာစဉ် ဇနီးနှင့်စကားများခဲ့ပြီးနောက် ရုံးပေါ်သို့တက်သွားခဲ့ကြောင်း၊ ရုံးပေါ်တွင် ရုံးစောင့်ညတာဝန်ကျ ဦးလွင်ဦးနှင့် စကားများရန်ဖြစ်ရာ အငယ်တန်းစာရေး ဦးသိန်းမြင့်ထွန်းက ဝင်ရောက်ဖျန်ဖြေခဲ့သော်လည်း ရန်ပြုသဖြင့် ဦးသိန်းမြင့်ထွန်းက ၁၃ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓားဖြင့် အထိုးခံရသူ ဦးအောင်ကျော်မိုးအား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ၎င်းမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ဇနီးဖြစ်သူနဲ့ စကားများပြီး ရုံးကိုထွက်သွားတယ်။ ရုံးမှာ ညစောင့်နဲ့ထပ်ပြီး စကားများတယ်လို့ သိရတယ်။ ရုံးစောင့် ညတာဝန်ကျသူက အိမ်ကို သူ့မိန်းမကို လာခေါ်တယ်။ ရန်တွေဖြစ်ကုန်ပြီ။ သွားကြည့်တော့ ဦးအောင်ကျော်မိုး လဲနေတာ တွေ့ရတယ်။ အဲဒီရုံးက စာရေး သိန်းမြင့်ထွန်းက ရင်ဘတ်ကို ဖိထားတာတွေ့တော့ ဆေးရုံကိုပို့တော့ ဓားဒဏ်ရာနဲ့ သေဆုံးတာဖြစ်တယ်။ တရားခံ သိန်းမြင့်ထွန်းကို ဖမ်းဆီးရမိပြီး အမှုဖွင့် ဆောင်ရွက်ထားခြင်းဖြစ်တယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး စိုးထွန်းဝင်းက ပြောကြားသည်။

သေဆုံးသူ ဦးအောင်ကျော်မိုး အလောင်းအား တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ယာဘက်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ နှစ်ချက်၊ ဝဲလက်ဖျံ ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝမ်းဗိုက်ယာဘက် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်တွင် ဓားဖြင့်ထိုးသူ ဦးသိန်းမြင့်ထွန်းအား ဆေးရုံတွင် အသင့်တွေ့ရှိရသဖြင့် မေးမြန်းရာ ၎င်းမှ ဓားဖြင့်ထိုးခဲ့ကြောင်း ဝန်ခံသဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

အမှုနှင့် ပတ်သက်ပြီး သေဆုံးသူ၏ ဇနီး ဒေါ်ဇင်မေဦးက တရားလိုပြုလုပ် တိုင်ကြားခဲ့သဖြင့် ဓားဖြင့်ထိုးခဲ့သူ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ အငယ်တန်းစာရေး ဦးသိန်းမြင့်ထွန်းအား (ပ)၁၈၂/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်ထားပြီး ဖမ်းဆီးအရေးယူထားကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent