မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့ ပို့ကုန်မြင့်တက်ခဲ့သော်လည်း ပြည်တွင်းသို့ ထိုင်းကုန်ပစ္စည်း တရားဝင်တင်သွင်းမှု ယခင်နှစ်ထက် များစွာလျော့ကျ

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့ ပို့ကုန်မြင့်တက်ခဲ့သော်လည်း ပြည်တွင်းသို့ ထိုင်းကုန်ပစ္စည်း တရားဝင်တင်သွင်းမှု ယခင်နှစ်ထက် များစွာလျော့ကျ
Published 20 April 2018

မြဝတီနယ်စပ်မှ ဝင်ရောက်လာသော ထိုင်းကုန်ကားများကို တွေ့ရစဉ်

နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ဒုတိယကုန်သွယ်မှုအများဆုံးဖြစ်သည့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံဘက်သို့ ပို့ကုန်မြင့်တက်ခဲ့သော်လည်း ပြည်တွင်းသို့ ထိုင်းကုန်ပစ္စည်း တရားဝင်တင်သွင်းမှုမှာ ယခင်နှစ်ထက် များစွာလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံဘက်သို့တင်ပို့သည့် မြန်မာ့ထွက်ကုန်ပစ္စည်း တင်ပို့မှုမှာ ဒေါ်လာ ၈၂ ဒသမ ၅၀၉ သန်း တင်ပို့နိုင်ခဲ့သည့်အတွက် ယခင်နှစ်ကထက် ၂၂ ဒသမ ၃၁၀ သန်း ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ပြည်တွင်းသို့ ထိုင်းကုန်ပစ္စည်း တရားဝင်တင်သွင်းမှုမှာ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂၄ ဒသမ ၁၂၈ သန်းဖိုးသာ တင်သွင်းနိုင်ခဲ့သဖြင့် ယခင်ဘဏ္ဍာနှစ်ကိုပြည့်မီရန် ဒေါ်လာ ၄၇ ဒသမ ၃၉၄ သန်း လိုအပ်ခဲ့ကြောင်း သိရသည်။

ဒေါနတောင်ကျော် အာရှလမ်းသစ် ဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုမြင့်တက်လာခဲ့ပြီး ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကထက် ဒေါ်လာသန်း ၂၀၀ ကျော် ပိုမိုကုန်သွယ်နိုင်ခဲ့သော်လည်း ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၂၅ ဒသမ ၀၈၄ သန်း လျော့နည်းခဲကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်စခန်းများအနက် ကုန်သွယ်မှုအများဆုံးဖြစ်သည့် မြဝတီနယ်စပ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉၀၆ ဒသမ ၆၃၇ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ် ဘဏ္ဍာနှစ်က ကုန်သွယ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၉၃၁ ဒသမ ၇၁၂ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၀၈၄ သန်း လျော့နည်းခဲကြောင်း သိရသည်။

နယ်စပ်စခန်းများ၏ အများဆုံးကုန်သွယ်မှုစခန်းမှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်ပြီး ပို့ကုန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၄၁၂၇ ဒသမ ၆၉၄ သန်း၊ ပြည်တွင်းသို့တင်သွင်းမှုမှာ ဒေါ်လာ ၁၇၀၁ ဒသမ ၁၂၀ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှာ ဒုတိယကုန်သွယ်မှု အများဆုံးဟုဆိုသော်လည်း မူဆယ်နယ်စပ်မှ ကုန်သွယ်မှုထက် များစွာလျော့နည်းကြောင်း သိရသည်။

အရှေ့အနောက် စီးပွားရေးစြင်္ကံမှာ တည်ရှိသည့် မြဝတီနယ်စပ်စခန်းမှ ပြည်တွင်းသို့ စက်ယန္တရားများ၊ မော်တော်ဆိုင်ကယ်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ သွပ်၊ သံ၊ ဘိလပ်မြေ၊ စားသောက်ကုန်မျိုးစုံ၊ ပလတ်စတစ်ပစ္စည်းများနှင့် သစ်သီးပျိုးပင်များလည်း တင်သွင်းခဲ့သည်။ စက်သုံးဆီ၊ ဓာတ်ငွေ့ရည်များ၊ စားသုံးဆီများ တင်သွင်းလျက်ရှိသည်။

ထို့ပြင် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲ၊ အခွန်ဒဏ်ကြေးဆိုင်ရာ အပြောင်းအလဲများကြောင့် မော်တော်ယာဉ်တင်သွင်းမှု မရှိသလောက် နည်းပါးခဲ့ကြောင်း သိရသည်။

သို့သော်လည်း တင်သွင်းခွင့်မရှိသော ဘီယာမျိုးစုံ၊ အေးခဲအသား၊ ကြက်နှင့် ကြက်ထွက်အသည်း၊ နှလုံးပါကင်ထုပ်များ၊ ဂျပန်တစ်ပတ်ရစ် Without Car များကို ဇုန်ရှောင်ကွင်းကာ နားလည်မှုလမ်းကြောင်းမှ တရားမဝင် တင်သွင်းလျက်ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

မြန်မာ့ထွက်ကုန်ပစ္စည်းများဖြစ်သည့် ရေထွက်ပစ္စည်းများ ငါး၊ ပုစွန်၊ ကဏန်း၊ တိုင်းရင်းဆေးများ၊ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ပြောင်း၊ နှမ်း၊ ပဲ၊ လက်ဖက်၊ ငရုတ်၊ ကြက်သွန်များ တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံဘက်သို့ ယခုဘဏ္ဍာနှစ်တင်ပို့မှုမှာ ယခင်နှစ်ကထက် မြင့်တက်ခဲ့သော်လည်း ပြည်တွင်းသို့ သွင်းကုန်ထက် ၁၀ ဆခန့် လျော့နည်းနေဆဲဖြစ်ကြောင်း သိရသည်။

ယခုအခါ မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတား တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး လမ်းပိုင်းအပါအဝင် တည်ဆောက်မှုအားလုံးပြီးစီး၍ ဖွင့်လှစ်နိုင်ခဲ့ပါက ACE ကုန်သွယ်မှု မြင့်တက်လာခြင်းနှင့်အတူ မြဝတီနယ်စပ်ကုန်သွယ်မှု ပိုမိုမြင့်တက်လာမည်ဟု ထိုင်းကုန်သည်များက ခန့်မှန်းထားသည်။

Most Read

Most Recent