မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများသို့ အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားအများစု လာရောက်လည်ပတ်

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများသို့ အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားအများစု လာရောက်လည်ပတ်
Published 20 April 2018

မြိတ်ကျွန်းစုများအတွင်းရှိ ကမ်းခြေတစ်နေရာကို တွေ့ရစဉ်

မြိတ်ကျွန်းစုအတွင်းရှိ လှပသောကျွန်းများသို့ အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားအများစု လာရောက်လည်ပတ်ခဲ့ကာ သဘာဝအတိုင်း တည်ရှိနေသောကျွန်းများကို ဆက်လက်ထိန်းသိမ်းထားရန် သဘောထားမှတ်ချက်ပေးခဲ့ကြကြောင်း သိရသည်။

သြင်္ကန်နှစ်သစ်ကူး အားလပ်ရက်နှင့် နွေရာသီအတွင်း မြိတ်ကျွန်းစုအတွင်းသို့ ခရီးသွားအများအပြား လာရောက်ခဲ့ကာ ပြည်တွင်းခရီးသွားမှာ အများစုဖြစ်ခဲ့ကြောင်း သိရသည်။ ခရီးသွားအများစုမှာ သဘာဝအတိုင်းတည်ရှိနေသည့် ကျွန်းများကို သဘောကျခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ကို တွဲဖက်ထိန်းသိမ်းသွားရန် အကြံပြုခဲ့ကြောင်း သိရသည်။

“ကျွန်တော် ဒီနေရာကို ငါးကြိမ်မြောက်ရောက်ဖူးတာပါ။ ရှေ့ကလေးကြိမ်မြောက်မှာက လွန်ခဲ့တဲ့ကိုးနှစ်၊ ၁၀ နှစ်ကဆိုတော့ ဒီဘက်ကိုလာဖို့ အတော်ခက်ခဲခဲ့ပါတယ်။ လာမယ်ဆိုရင်လည်း ကျပ်နှစ်သိန်း၊ သုံးသိန်းလောက်ကုန်မှ လာရမယ်ဆိုတော့ မတတ်နိုင်ခဲ့ဘူး။ အခုတော့ Package တွေနဲ့ လာလို့ရအောင် စီမံထားတယ်ဆိုတော့ လာခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ အခုဆိုရင် ခရီးသွားလုပ်ငန်းတွေက မြိတ်ကိုတော်တော်လေး မျက်စိကျလာတယ်။ မြိတ်ကျွန်းစုက တော်တော်လေးကိုလှတယ်။ စီးပွားရေးအရ ပုလဲတွေမွေးကြတယ်။ ရေနေသတ္တဝါတွေ အများကြီးရှိတယ်။ ကျွန်းဆွယ်တွေ၊ အလှအပတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ခရီးသွားလုပ်ငန်းတွေအနေနဲ့ ကျွန်းရဲ့သဘာဝကို ထိန်းသိမ်းရမယ့်အပြင် ရေအောက်မှာရှိတဲ့ ငါးနဲ့ ရေနေသတ္တဝါတွေရဲ့ ရှင်သန်မှုကိုလည်း ထိန်းသိမ်းပေးရမယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ လာရောက်အပန်းဖြေသူ ကိုထူးထူးအောင်က ပြောကြားသည်။

အားလပ်ရက်များအတွင်း မြိတ်ကျွန်းစုအတွင်းရှိ လေးကျွန်း၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်းကျွန်း၊ စမတ်ကျွန်း (ပါပန့်ကျွန်း) များသို့ အများဆုံးလာရောက်အပန်းဖြေခဲ့ကြပြီး အချို့ကျွန်းများမှာ အပန်းဖြေရန် အကောင်းဆုံးအနေအထားရှိသော်လည်း ပုလဲမွေးမြူရေးလုပ်ငန်းများမှ ပိုင်ဆိုင်သည်ဟုဆိုကာ ဝင်ရောက်ခွင့်မပေးကြောင်း သိရသည်။

“ကျွန်းတွေကို လာချင်နေတာကြာပါပြီ။ အခုမှ ပထမဆုံးရောက်ဖူးတာပါ။ အရမ်းကိုသာယာပြီး အရမ်းလှပါတယ်။ မရောက်ဖူးသေးတဲ့သူတွေလည်း လာသင့်ပါတယ်လို့ ထင်ပါတယ်။ ဒီလိုလှပတဲ့ နေရာလေးတွေကိုလည်း ခရီးသွားလုပ်ငန်းတွေက ဆက်ထိန်းသိမ်းပေးထားဖို့ လိုပါတယ်။ အဲဒါမှခရီးသွားတွေ များလာမှာဖြစ်သလို ပိုပြီးသိရှိလာကြမှာပါ။ အစ်မတို့ ချောင်းသာတို့၊ ငွေဆောင်တို့ကိုလည်း ရောက်ဖူးပါတယ်။ တစ်မျိုးစီတော့လှကြတယ်။ ဒီမှာရှိတဲ့ရေတွေက အရမ်းကြည်လင်ပြီး သန့်ပါတယ်။ နောက်လည်း အစဉ်အဆက် ဒီလိုသန့်သန့်ရှင်းရှင်းလေး ရှိနေစေချင်ပါတယ်” ဟု နေပြည်တော်မှလာ ရောက်အပန်းဖြေသူ ဒေါ်ယမင်းမောင်မောင်က ပြောကြားသည်။

လက်ရှိအနေထားတွင် အဆိုပါကျွန်းများသို့ သွားရောက်ရာတွင် နေ့ချင်းပြန်ခရီးစဉ်တစ်ခုကို လူတစ်ဦးလျှင် ကျပ်ငါးသောင်းခန့်မှ ခုနစ်သောင်းအထိ ကျသင့်ကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းများမှ ခရီးစဉ်များ စီစဉ်ရောင်းချပေးပြီး သွားလာခွင့်ရသည့် ကျွန်းများကိုသာ ပို့ဆောင်ပေးနေရသည့် အနေအထားဖြစ်နေသည်။

မြိတ်ကျွန်းစုမှာ နာမည်ကြီးသော်လည်း လှပသောကျွန်းများကို ပုလဲမွေးမြူရေးနှင့် လုပ်ငန်းရှင်တချို့မှ အပိုင်သိမ်းယူထားကာ ကန့်သတ်ထားမှုများရှိနေကြောင်း၊ ခရီးသည်များ ပိုမိုလာရောက်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အများနှင့်သက်ဆိုင်သည့်ကျွန်းများကို ထားရှိပေးသင့်ကြောင်း Blissfull Myanmar ခရီးသွားလုပ်ငန်းမှ ဒေါက်တာသိန်းရွှေမြင့်က ပြောကြားသည်။

Most Read

Most Recent