ဧပြီလ တတိယ ၁၀ ရက်ပတ်အတွင်း ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့များတွင် ချင်းတွင်းမြစ်ရေ နှစ်ပေမှ သုံးပေအထိ မြင့်တက်နိုင်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်

ဧပြီလ တတိယ ၁၀ ရက်ပတ်အတွင်း ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့များတွင် ချင်းတွင်းမြစ်ရေ နှစ်ပေမှ သုံးပေအထိ မြင့်တက်နိုင်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်
Published 20 April 2018

ဟုမ္မလင်းမြို့ ဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ်

ဧပြီလ တတိယ ၁၀ ရက်ပတ်အတွင်း ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့များတွင် ချင်းတွင်းမြစ်ရေ နှစ်ပေမှ သုံးပေအထိ မြင့်တက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

ဧပြီ ၁၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၉ ရက် နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ၁၃ စင်တီမီတာမြင့်တက်ခဲ့ပြီး (၁၉၆ စင်တီမီတာ)၊ ဟုမ္မလင်းမြို့တွင် တစ်စင်တီမီတာ မြင့်တက်ခဲ့ကြောင်း (၂၁၃၄ စင်တီမီတာ) မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှ ထုတ်ပြန်ထားသည်။

သြင်္ကန်ကာလအတွင်းနှင့် သြင်္ကန်အပြီးကာလများတွင် ချင်းတွင်းမြစ်ရေ အနည်းငယ်မြင့်တက်လာလေ့ရှိပြီး ထိုသို့မြင့်တက်မှုသည် ပုံမှန်မြင့်တက်ခြင်းဖြစ်ကြောင်း ခန္တီးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ဦးစီးမှူး ဦးချစ်ထွေးထွန်းက ပြောကြားသည်။

“လောလောဆယ်မှာ သြင်္ကန်မိုးကလည်းရွာနေတော့ ရေကနည်းနည်းတော့ ပြန်တက်နေတာပေါ့။ အခုဆိုရင် ပေဝက်လောက်နီးနီး ပြန်တက်နေတယ်။ နောက်ထပ်လည်း နည်းနည်းတော့ ဆက်တက်ဦးမယ့်သဘောရှိတယ်။ မိုးကလည်း တောက်လျှောက်ရွာနေတော့လေ။။ ဒါပေမဲ့ ဒီအချိန်ကတော့ ပုံမှန်တက်နေကြပါ။ သြင်္ကန် ၁၅ ရက်ဝန်းကျင်လောက်ဆို ရေကတစ်ပေခွဲ၊ တစ်ပေကတော့ ပုံမှန်တက်နေကျပဲ။ မိုးပြတ်သွားရင် ပြန်ကျပါတယ်။ နောက်ပိုင်း မေလကုန်ပြီး မုတ်သုံဝင်လို့ မိုးပြန်လိုက်လာမှ ပြန်တက်လာတာ။ အခုရေတက်တာက ပုံမှန်ရေတက်ဖြစ်လို့ အရမ်းကြီးစိုးရိမ်စရာတော့မရှိပါဘူး။ ဌာနက ထုတ်ပြန်ချက်မှာလည်း နှစ်ပေလောက်အထိပဲ ပေးထားတဲ့အပြင် မိုးလည်းအရမ်းကြီးမများနိုင်တော့ စိုးရိမ်စရာတော့မရှိပါဘူး” ဟု ခန္တီးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ဦးချစ်ထွေးထွန်းက ပြောကြားသည်။

ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်များတွင် ချင်းတွင်းမြစ်ရေ အနည်းငယ်မြင့်တက်လာသဖြင့် မြစ်နံဘေးရှိ မရိတ်သိမ်းရသေးသော မြေပဲခင်းများ နစ်မြုပ်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က ဧပြီလအတွင်း ချင်းတွင်းမြစ်ရေ ထူးထူးခြားခြားမြင့်တက်မှုကြောင့် ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်များရှိ ချင်းတွင်းမြစ် နံဘေးစိုက်ပျိုးထားသော မြေပဲခင်းများ နစ်မြုပ်ပျက်စီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent