မန္တလေးတွင် တောင်သူလယ်သမားများနှင့် အလုပ်သမားများ စုပေါင်း၍ နှစ်သစ်ကူးမင်္ဂလာအဖြစ် သမ္မတဦးဝင်းမြင့်အား ကြိုဆိုပွဲပြုလုပ်

မန္တလေးတွင် တောင်သူလယ်သမားများနှင့် အလုပ်သမားများ စုပေါင်း၍ နှစ်သစ်ကူးမင်္ဂလာအဖြစ် သမ္မတဦးဝင်းမြင့်အား ကြိုဆိုပွဲပြုလုပ်
Published 20 April 2018

သမ္မတဦးဝင်းမြင့်အား ကြိုဆိုပွဲကို ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံတက္ကသိုလ်လမ်းရှိ တောင်သူလယ်သမားအသင်းရုံးတွင် ပြုလုပ်စဉ်

မန္တလေးမြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ (တံခွန်) တောင်သူလယ်သမားအဖွဲ့ချုပ်မှ တောင်သူလယ်သမားများနှင့် အလုပ်သမားများ စုပေါင်း၍ နှစ်သစ်ကူးမင်္ဂလာအဖြစ် သမ္မတဦးဝင်းမြင့်အား ကြိုဆိုပွဲကို ဧပြီ ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

သမ္မတကြိုဆိုပွဲအဖြစ် မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံတက္ကသိုလ်လမ်းရှိ တောင်သူလယ်သမား အသင်းရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြိုဆိုပွဲသို့ အလုပ်သမားနှင့် တောင်သူလယ်သမားဦးရေ ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

“သမ္မတသစ်ကို ကြိုဆိုတာက နှစ်သစ်ကူးမင်္ဂလာအနေနဲ့ ကြိုဆိုတာဖြစ်သလို သမ္မတသစ်ကြီးက နှစ်သစ်ကူးမင်္ဂလာမှာ မျှော်လင့်ထားတဲ့ တောင်သူလယ်သမားတွေရဲ့ ဆုံးရှုံးနစ်နာမြေယာတွေအပေါ်မှာ မှန်မှန်ကန်ကန်နဲ့ မူလတောင်သူတွေကို ပြန်ရစေချင်တဲ့ သဘောကိုလည်း မျှော်လင့်ပါတယ်။ မျှော်လင့်ရတဲ့ အကြောင်းရင်းကလည်း သမ္မတကြီးက အရင်ပြည်သူ့လွှတ်တော်မှာ တာဝန်ထမ်းဆောင်စဉ်ကတည်းက ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တာတွေရှိသလို တောင်သူလယ်သမားတွေ ဒုက္ခဆင်းရဲရောက်နေတယ် ဆိုတာကိုလည်း သမ္မတကြီးအနေနဲ့ အရင်ကတည်းက သဘောပေါက် နားလည်ပြီးသားဖြစ်တယ်။ တောင်သူလယ်သမားတွေရဲ့ သိမ်းဆည်းခံမြေယာတွေကို ပြန်လည်ပေးတဲ့နေရာမှာ ယနေ့ကြုံနေရတာက လယ်သမားတွေနဲ့ လုပ်ငန်းရှင်တွေကြား ဖြစ်နေတဲ့ ပြဿနာတွေ ရှိတယ်။ ဒါတွေက အစိုးရအဆက်ဆက်က ရှုပ်ထွေးလာတဲ့ ပြဿနာဖြစ်ပြီး တောင်သူလယ်သမားတွေ တရားစွဲခံရတယ်။ အမှုလုပ် ဖမ်းဆီးခံရတယ်။ အချုပ်အနှောင် ခံထားရတာတွေ ရှိနေတယ်။ ဖမ်းဆီးခံထားရတဲ့ထဲမှာလည်း တောင်သူလယ်သမားတွေ အရေးကို ဦးဆောင်ပေးနေတဲ့ အကျိုးဆောင်ပေးတဲ့ ခေါင်းဆောင်တွေ ပါနေတယ်။ ပြီးခဲ့တဲ့နှစ်ဆန်းတစ်ရက်နေ့မှာ အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ထဲမှာ အဲ့ဒီလူတွေမပါလာခဲ့ဘူး။ ဒါကိုလည်း အမြန်ဆုံး လွတ်မြောက်ပေးစေချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ (တံခွန်) တောင်သူလယ်သမားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကြီးက ပြောကြားသည်။

ကြိုဆိုပွဲသို့ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ သိမ်းဆည်းခံမြေယာ အငြင်းပွားမှုဖြစ်နေသော ဒေသများမှ တောင်သူများ အပါအဝင် ပြင်ဦးလွင်၊ ရှမ်းမြောက် အစရှိသည့် ဒေသများမှ တောင်သူအဖွဲ့များ တက်ရောက်ခဲ့ပြီး အဖွဲ့အလိုက် သမ္မတကြီးအား ကြိုဆိုခြင်းများ ပြုလုပ်ခဲ့ကာ လက်ရှိရင်ဆိုင်နေရသည့် မြေယာပြဿနာများအရေးနှင့် မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် မူလတောင်သူများ ပြန်လည်ရရှိရန် မျှော်လင့်ကြောင်း ပြောကြားသည်။

မြေယာအငြင်းပွားမှု ပြဿနာများမှာ အစိုးရအဆက်ဆက် ရှုပ်ထွေးလာသည့် ပြဿနာများဖြစ်ကာ ပြီးခဲ့သည့် သမ္မတလက်ထက်အထိ တောင်သူလယ်သမားများနှင့် အကျိုးဆောင်ခေါင်းဆောင်များကို ဖမ်းဆီး ထောင်ချမှုများ အမြောက်အမြားရှိခဲ့ကာ နောက်ပိုင်းတွင် အာမခံမရသော ပုဒ်မများဖြင့်ပါ ဖမ်းဆီးအရေးယူခံရခြင်းများ ရှိလာကြောင်း တောင်သူလယ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent