စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် တန် ၅၀၀ ဆံ့ သီးနှံ (စပါးများ) သိုလှောင်နိုင်မည့် Silo များကို ရခိုင်ပြည်နယ်အစိုးရ ခွင့်ပြုထားသည့် မောင်တောဒေသတွင် မကြာမီတပ်ဆင်မည်

စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် တန် ၅၀၀ ဆံ့ သီးနှံ (စပါးများ) သိုလှောင်နိုင်မည့် Silo များကို ရခိုင်ပြည်နယ်အစိုးရ ခွင့်ပြုထားသည့် မောင်တောဒေသတွင် မကြာမီတပ်ဆင်မည်
Published 19 April 2018

စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် တန် ၅၀၀ ဆံ့ သီးနှံ(စပါးများ)သိုလှောင်နိုင်မည့် Silo များကို ရခိုင်ပြည်နယ်အစိုးရမှ ခွင့်ပြုထားသည့် မောင်တောဒေသတွင် မကြာမီ တပ်ဆင်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် အဖွဲ့သည် ဧပြီ ၁၂ ရက်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ် (၁၅) အကြီးစားစက်ရုံသို့ ရောက်ရှိပြီး သီးနှံ (စပါး) သိုလှောင်နိုင်မည့် တန် ၅၀၀ ဆံ့ Silo အစိတ်အပိုင်းများ ထုတ်လုပ်ပြီးစီးနေမှု အခြေအနေနှင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်နေမှုတို့ကို သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက လိုအပ်ချက်အလိုက် Silo အမျိုးမျိုး ထုတ်လုပ်ပေးနိုင်မှု အခြေအနေတို့ကို ဖြည့်စွက်ပြောကြားခဲ့ကာ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတို့သည် နိုင်ငံတစ်ဝန်း လိုအပ်ချက်ရှိသောနေရာများသို့ Silo များ ဆက်လက်ထုတ်လုပ် တပ်ဆင်ပေးနိုင်ရေး၊ တောင်သူလယ်သမားအသင်းအဖွဲ့၊ အစုအဖွဲ့များအတွက် တန် ၅၀ နှင့် တန် ၁၀၀ ဆံ့ တန်ဖိုးသင့် Silo ငယ်များ ထုတ်လုပ်ပေးနိုင်ရေး၊ လယ်ယာသုံးယာဉ်ယန္တရားနှင့် စက်ပစ္စည်းကိရိယာ အစိတ်အပိုင်းများ ထုတ်လုပ်ပေးနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အမှတ် (၁၅) အကြီးစားစက်ရုံမှ ထုတ်လုပ်လျက်ရှိသော တန် ၅၀၀ ဆံ့ သီးနှံ (စပါး) များ သိုလှောင်နိုင်မည့် Silo အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုထားသော မောင်တောဒေသ၊ လေးမိုင်ရပ်ကွက်တွင် မကြာမီ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ Silo တည်ဆောက် တပ်ဆင်ပြီးစီးပါက ဒေသခံများအား Silo အသုံးပြုပုံနှင့် ကိုင်တွယ်ထိန်းသိမ်းနည်း သင်တန်းများကိုပါ တစ်ဆက်တည်း လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနမှ အဆင့်မြှင့် ဈေးကား (Mobile Mart) ကို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ် ရောင်းချလျက်ရှိပြီး မှာယူလိုပါက ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

အဆင့်မြှင့်ဈေးကား (Mobile Mart) ဖြင့် ဆေးဝါး၊ အဝတ်အထည်နှင့် အိပ်ယာခင်း၊ အိမ်သုံးစတီးလ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ ကြွေပြားနှင့် မှန်မှ Solar နှင့် LED ပစ္စည်းများအထိ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော လူသုံးကုန်းပစ္စည်းအမျိုးမျိုးကို လူစည်ကားရာ ဈေးများ၊ ရုံးဌာနများ၊ ပွဲတော်များသို့ လှည့်လည်ရောင်းချ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent