အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၀၁ သန်းကျော် ဝင်ရောက်ထားပြီး ဂျပန်နှင့်စင်ကာပူသည် စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၅၀ ကျော်ရှိ

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၀၁ သန်းကျော် ဝင်ရောက်ထားပြီး ဂျပန်နှင့်စင်ကာပူသည် စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၅၀ ကျော်ရှိ
Published 19 April 2018

သီလဝါအထူးစီးပွားရေးဇုန်တွင် လုပ်ငန်းလည်ပတ်နေသည့် စက်ရုံအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၀၁ သန်းကျော်အထိ ဝင်ရောက်ထားပြီး ဂျပန်နှင့်စင်ကာပူနှစ်နိုင်ငံ ဝင်ရောက်မှုသည် ယင်းပမာဏစုစုပေါင်း၏ ရာခိုင်နှုန်း ၆၀ ကျော် အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံများအနက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၃၆ ဒသမ ၈၄ ရာခိုင်နှုန်းအထိရှိသည်။

ထို့အပြင် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၄ ဒသမ ၇၁ ရာခိုင်နှုန်းအထိရှိပြီး ယင်းနှစ်နိုင်ငံ၏ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်းပမာဏ၏ ၆၁ ဒသမ ၅၅ ရာ ခိုင်နှုန်းအထိ အများဆုံး ဝင်ရောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံပြီး စက်ရုံ ၈၉ ရုံ ခွင့်ပြုမိန့်ကျထားကာ စက်ရုံ ၃၉ ရုံ လုပ်ငန်းများ လည်ပတ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ သီလဝါအထူးစီးပွားရေးဇုန်အတွင် စက်မှုလုပ်ငန်းကဏ္ဍသို့ လုပ်ငန်းပေါင်း ၁၁ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၃၂၈ သန်းကျော် ဝင်ရောက်ထားပြီး ရာခိုင်နှုန်းအားဖြင့် ၈၂ ရာခိုင်နှုန်းခန့်အထိ အများဆုံး ဝင်ရောက်ထားခြင်း ဖြစ်သည်။

ကုန်စည်ရောင်းဝယ်ရေး လုပ်ငန်းကဏ္ဍသို့ လုပ်ငန်းတစ်ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၇ သန်းကျော် ဝင်ရောက်ထားပြီး ရာခိုင်နှုန်းအားဖြင့် ၁၄ ရာခိုင်နှုန်းကျော်အထိ ဝင်ရောက်ထားကြောင်း၊ ထို့အပြင် အိမ်ရာလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့် ဆောင်ရွက်ခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတွင် ဂျပန်နိုင်ငံက လုပ်ငန်းသုံးခု၊ စင်ကာပူနိုင်ငံက လုပ်ငန်းနှစ်ခု၊ ထိုင်းနိုင်ငံကလုပ်ငန်း နှစ်ခု၊ ကိုရီးယားနိုင်ငံက လုပ်ငန်းတစ်ခုနှင့် နယ်သာလန်နိုင်ငံက လုပ်ငန်းတစ်ခုဖြင့် အသီးသီး ဝင်ရောက်မြှုပ်နှံထားပြီး ယင်းတို့အနက် စက်မှုကဏ္ဍတွင် လုပ်ငန်းရှစ်ခုအထိ ရှိနေပြီး ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်း တစ်ခုပါဝင်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ သီလဝါအထူးစီးပွားရေးဇုန်အတွင်းသို့ ဂျပန်နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၅ ခုကျော်အထိ အများဆုံး ဝင်ရောက်ထားပြီး ယင်းကုမ္ပဏီများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ပွင့်လင်းမြင်သာသည့် စီးပွားရေးပုံစံနှင့် ဆက်လက် လုပ်ဆောင်သွားခြင်းကြောင့် လာမည့်နှစ်များတွင် ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုများ တဖြည်းဖြည်း ဆက်လက်တိုးတက်လာမည် ဖြစ်ကြောင်း Myanmar Japan Thilawa Development Ltd (MJTD) ၏ ဥက္ကဋ္ဌဖြစ်သူ Mr.Tomoyasu Shimizu က ပြောကြားသည်။

“သီလဝါ အထူးစီးပွားရေးဇုန်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တဖြည်းဖြည်း တိုးလာတာကို မြင်ရတယ်။ ဒီလိုမျိုး ပွင့်လင်းမြင်သာတဲ့ စီးပွားရေးပုံစံနဲ့ ဆက်လက်လုပ်ဆောင်သွားခြင်းကြောင့် ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုဟာ လာမယ့်နှစ်တွေမှာ တဖြည်းဖြည်း ဆက်လက်တိုးတက်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု Mr.Tomoyasu Shimizu က ပြောကြားသည်။

Most Read

Most Recent