ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်စေတီတော်မှ မြတ်စွာဘုရားရှင်၏ ဆံတော်မြတ်အား ရွှေတိဂုံစေတီတော်၌ ငါးရက်တာ အပူဇော်ခံရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းသုံးနေထိုင်သည့် သံဃာအပါး ၄၅၀၀ တို့က ရန်ကုန်မြို့တွင်းမှတစ်ဆင့် လှည့်လည်ပင့်ဆောင် ပူဇော်

ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်စေတီတော်မှ မြတ်စွာဘုရားရှင်၏ ဆံတော်မြတ်အား ရွှေတိဂုံစေတီတော်၌ ငါးရက်တာ အပူဇော်ခံရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းသုံးနေထိုင်သည့် သံဃာအပါး ၄၅၀၀ တို့က ရန်ကုန်မြို့တွင်းမှတစ်ဆင့် လှည့်လည်ပင့်ဆောင် ပူဇော်
Published 19 April 2018

ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်စေတီတော်မှ မြတ်စွာဘုရားရှင်၏ ဆံတော်မြတ်အား ရွှေတိဂုံစေတီတော်၌ ငါးရက်တာ အများပြည်သူ ကြည်ညိုပူဇော်နိုင်ရန်အတွက် ဧပြီ ၁၉ ရက် နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် သီတင်းသုံးနေထိုင်သည့် သံဃာအပါး ၄၅၀၀ တို့က ရန်ကုန်မြို့တွင်းမှတစ်ဆင့် ပင့်ဆောင်အပူဇော်ခံခဲ့ကြောင်း သိရသည်။

ဧပြီ ၁၉ ရက် နံနက် ၅ နာရီခန့်တွင် ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်စေတီတော်မှ မြတ်စွာဘုရားရှင်၏ ဆံတော်မြတ်အား ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းသုံးနေထိုင်သည့် သံဃာအပါး ၄၅၀၀ တို့က ဗိုလ်တစ်ထောင်စေတီမှစတင်ပြီး ရန်ကုန်မြို့အတွင်းသို့ လှည့်လည်ပင့်ဆောင် အပူဇော်ခံ၍ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ်မှတစ်ဆင့် ဆံတော်မြတ်အား ပင့်ဆောင်ကာ စေတီရင်ပြင်တော်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ငါးရက်တာ အများပြည်သူ ကြည်ညို ပူဇော်နိုင်ရန်အတွက် ထားရှိထားကြောင်း သိရသည်။

မြတ်စွာဘုရား၏ ဆံတော်မြတ်ကို သံဃာအပါး ၄၅၀၀ တို့က ခြေကျင်လျှောက်၍ ရန်ကုန်မြို့အတွင်းဖြတ်ပြီး ရွှေတိဂုံစေတီတော်သို့ ပင့်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပင့်ဆောင်ပူဇော်သည့် လမ်းတစ်လျှောက်တွင် ပြည်သူများက သံဃာတော်များအား သောက်တော်ရေဘူးများ ဆပ်ကပ်ခြင်း၊ ဆံတော်မြတ်အား ဖူးမျှော်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ဆံတော်မြတ်ပင့်ဆောင်ရာ လမ်းတစ်လျှောက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁၆၆ ယောက်တို့က လုံခြုံရေးအတွက် လိုက်ပါဆောင်ရွက်ခဲ့ကာ သံဃာတော်များ၏ ကျန်းမာရေး စောင့်ရှောက်ရန်အတွက် အရေးပေါ် ကယ်ဆယ်ရေးယာဉ်များဖြင့် ဆေးကုသရေးတပ်ဖွဲ့များက အနီးကပ်လိုက်ပါ စောင့်ရှောက် ကုသိုလ်ယူခဲ့သည်။

ဆံတော်မြတ်နှင့်အတူ ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်စေတီတော်မှ ရွှေစင်ရွှေသား ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များအားလည်း ပင့်ဆောင် အပူဇော်ခံခဲ့ကြောင်း သိရသည်။

မြတ်စွာဘုရား၏ ဆံတော်မြတ် ပင့်ဆောင်ပူဇော်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်တို့ အပါအဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ လာရောက်ခဲ့ပြီး ဆံတော်မြတ်ပင့်ဆောင်ရာ လမ်းတစ်လျှောက်တွင် လမ်းများအား ခေတ္တပိတ်ထားခဲ့ကြောင်း သိရသည်။

Most Read

Most Recent