ရန်ကုန်မြို့လယ်ကောင်၌ အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးကို လူငယ်တစ်ဦးက နေ့ခင်းကြောင်တောင် ဖြတ်လုမှုဖြစ်ပွား

ရန်ကုန်မြို့လယ်ကောင်၌ အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးကို လူငယ်တစ်ဦးက နေ့ခင်းကြောင်တောင် ဖြတ်လုမှုဖြစ်ပွား
Published 19 April 2018

ရန်ကုန်မြို့လယ်ကောင်၌ အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးကို လူငယ်တစ်ဦးက နေ့ခင်းကြောင်တောင် ဆွဲဖြတ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း လုယက်ခံရသူ အမျိုးသမီးထံမှ ဧပြီ ၁၈ ရက် ညပိုင်းတွင် စုံစမ်းသိရှိရသည်။

ဧပြီ ၁၈ရက် မွန်းလွဲ ၁၁နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်နေ မ........(၃၄)နှစ်သည် ကန်သာယာလမ်းဆုံအနီး ၎င်း၏နေအိမ်မှ အငှားယာဉ်တစ်စီးဖြင့် ကျောက်တံတားမြို့နယ် ၃၄ လမ်း အပေါ်ဘလောက်ရှိ ဆိုင်တစ်ဆိုင်သို့ ဈေးဝယ်ရန်သွားရောက်ခဲ့ပြီး ဈေးဝယ်ပြီးနောက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ယင်းသို့ထွက်ခွာခဲ့ရာ ဗိုလ်ချုပ်ဈေးတွင် ဈေးဝယ်ရန်ရှိသဖြင့် ဗိုလ်ချုပ်လမ်းအတိုင်း လမ်းလျှောက်လာခဲ့ပြီး ဆူးလေဘုရားလမ်းမီးပွိုင့်တွင် လမ်းဖြတ်ကူးစဉ် လမ်းလယ်ကျွန်းအနီးအရောက်၌ လူငယ်တစ်ဦးမှာ မ......၏ လည်ပင်းတွင်ဆွဲထားသည့် ကျပ် ၅၅ သိန်းခန့် တန်ဖိုးရှိ ဆွဲသီးပါရွှေဆွဲကြိုးကို ဖြတ်လုရန် ကြိုးစားခဲ့ကြောင်း သိရသည်။

“ကျွန်မက ရခိုင်ကမှာတဲ့ ပစ္စည်းတွေကို သွားဝယ်ဖို့ ၃၄ လမ်းကိုသွားတာပါ။ ဈေးဝယ်ပြီး ဗိုလ်ချုပ်ဈေးမှာ ဝယ်စရာရှိတဲ့အတွက် ဆာကူရာတာဝါရှေ့ကနေ ရှန်ဂရီလာဟိုတယ်ဘက်ကို လမ်းဖြတ်ကူးတဲ့အချိန်ပေါ့။ လမ်းလယ်ဘလောက်တုံးနား အရောက်မှာ လူတစ်ယောက်က ကျွန်မလည်ပင်းမှာ ဝတ်ထားတဲ့ ဆွဲကြိုးကို ဆွဲဖြတ်ပြီးလုတယ်။ ဆွဲဖြတ်တာ တစ်ကြိမ်မကဘူး။ သုံးခေါက်လောက် ဆွဲဖြတ်တာ။ နောက်ဆုံးတစ်ခေါက်မှာ ကျွန်မလည်း လဲကျသွားတယ်။ ဆွဲကြိုးကို ဖြတ်မရတော့ သူလည်းထွက်ပြေးသွားတယ်။ ထွက်ပြေးသွားတာတောင် အနားမှာ ဝေ့လည်ကြောင်ပတ် နေနေသေးတယ်။ ပြီးမှအဝေးကို ထွက်သွားတာ” ဟု မ........က ပြောကြားသည်။

ယင်းသို့ ဆွဲကြိုးဖြတ်လုခံပြီး လဲကျမှုကြောင့် မ......မှာ ဒူးခေါင်းပွန်း၊ လက်ချောင်း၊ လည်ပင်းတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အလုခံရတာပေါ့နော်။ ဆွဲကြိုးကတော့ ပါသွားဘူး။ အဲဒီနောက်မှာ ယောကျ်ားကို ဖုန်းဆက်တယ်။ အပိုင်ရဲစခန်းကို သွားတိုင်တယ်။ မှတ်ပုံတင်နံပါတ်တွေ နာမည်တွေကို ရဲစခန်းက ယူထားလိုက်တယ်။ အဲဒီနားက မီးပွိုင့်မှာတပ်ထားတဲ့ စီစီတီဗွီကင်မရာတွေကို ရဲတွေနဲ့ အတူတူကြည့်တယ်။ ဒါပေမဲ့ အခင်းဖြစ်နေရာ အနားမှာတပ်ထားတဲ့ ကင်မရာတွေက အလုပ်မလုပ်ဘူး ဖြစ်နေတယ်” ဟု မ.... က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံတားမြို့မရဲစခန်းသို့ ည ၁၀ နာရီခန့်တွင် သွားရောက်မေးမြန်းရာစခန်းမှ တာဝန်ရှိသူတစ်ဦးက “လုယက်တဲ့ဖြစ်စဉ်ကိုတော့ အမှုဖွင့်တာ မရှိသေးပါဘူး။ ပစ္စည်းတော့ ပါမသွားဘူး သိရတယ်။ ကျူးလွန်သူကို စုံစမ်းနေပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent