ကယားပြည်နယ် မော်ချီးသတ္တုတွင်းဒေသ အမှတ် (၂) ခဲကျင်းတွင် ယမ်းခွဲရာမှ ကျောက်ဖျာပြိုကျသဖြင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိ

ကယားပြည်နယ် မော်ချီးသတ္တုတွင်းဒေသ အမှတ် (၂) ခဲကျင်းတွင် ယမ်းခွဲရာမှ ကျောက်ဖျာပြိုကျသဖြင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိ
Published 19 April 2018

ကယားပြည်နယ် မော်ချီးသတ္တုတွင်းဒေသ အမှတ်(၂)ခဲကျင်းတွင် ဧပြီ ၁၈ ရက် ညနေပိုင်းတွင် ယမ်းခွဲရာမှ ကျောက်ဖျာပြိုကျသဖြင့် အမျိုးသား သုံးဦးထိခိုက်ဒဏ်ရာရသဖြင့် လွိုင်ကော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။

ခဲကျင်းအတွင်း မိုင်းခွဲရာတွင် နောက်သို့ဆုတ်လိုက်ရာမှ ကျောက်ဖျာပြိုကျလာသဖြင့် ထိခိုက်ရခြင်းဖြစ်ကြောင်း၊ လူနာတစ်ဦးမှာ စိုးရိမ်ရသဖြင့် အောက်ဆီဂျင်တပ်ဆင်၍လည်းကောင်း ကျန်နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိသဖြင့် လွိုင်ကော်ဆေးရုံသို့ ခေါ်ဆောင်လာရခြင်းဖြစ်ကြောင်း လူနာပို့ဆောင်ရာတွင် လိုက်ပါကူညီပေးသော ဒေါကလူ ကရင်အမျိုးသမီးအဖွဲ့ခေါင်းဆောင် နော်မာဂရက်စိန်က ပြောကြားသည်။

“အသက် ၃၀ ကျော်တဲ့တစ်ယောက်က အတွင်းဒဏ်ရာပြင်းပုံရတယ်။ အောက်ဆီဂျင် တပ်ခေါ်လာခဲ့တယ်။ ကျန်နှစ်ယောက်က ၂၆ နှစ်နဲ့ ၂၈ နှစ်။ သူတို့တော့ ထိခိုက်တာတွေ ရှိတယ်။ ဒီးမော့ဆို ဆောင်ဒူလာရွာကနေလာလုပ်တဲ့ အလုပ်သမားတွေပေါ့။ မိသားစုတော့ လွိုင်ကော်ဆေးရုံ သွားစောင့်နေကြတယ်။ ဆေးရုံကို သန်းခေါင်ကျော်လောက်ရောက်မယ်” ဟု နော်မာဂရက်စိန်က ပြောကြားသည်။

မော်ချီးသတ္တုတွင်းဒေသမှာ လွိုင်ကော်မြို့နှင့် မိုင် ၁၀၀ ခန့်ဝေးပြီး လိုခါးလိုကျေးရွာတွင် တိုက်နယ်ဆေးရုံရှိပြီး ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆို၊ ဒီးမော့ဆို စသည့်မြို့နယ်များအား ဖြတ်သန်း၍ အရေးပေါ်လူနာများအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နေကြရကြောင်း သိရသည်။

မော်ချီးသတ္တုတွင်းဒေသရှိ အလုပ်သမားများမှာ အန္တရာယ်ဖြစ်ထိခိုက်စေနိုင်သော အလုပ်များလုပ်ကိုင်နေရသော်လည်း အကာအကွယ်ပစ္စည်းများ အသုံးပြုခြင်းမရှိဘဲ လုပ်ဆောင်နေကြသဖြင့် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

Most Read

Most Recent