Forever Group Co.,Ltd မှ 4TV ရုပ်သံလိုင်းများကို Canal+ ရုပ်သံလိုင်းများဖြင့် ပြောင်းလဲပြသခြင်းကိစ္စနှင့် ပတ်သက်၍ အရေးယူနိုင်ရန် သုံးစွဲသူများအနေဖြင့် နစ်နာသည့်အချက်များကို ဆက်သွယ်တိုင်ကြားရန် စားသုံးသူရေးရာဦးစီးဌာန ထုတ်ပြန်

Forever Group Co.,Ltd မှ 4TV ရုပ်သံလိုင်းများကို Canal+ ရုပ်သံလိုင်းများဖြင့် ပြောင်းလဲပြသခြင်းကိစ္စနှင့် ပတ်သက်၍ အရေးယူနိုင်ရန် သုံးစွဲသူများအနေဖြင့် နစ်နာသည့်အချက်များကို ဆက်သွယ်တိုင်ကြားရန် စားသုံးသူရေးရာဦးစီးဌာန ထုတ်ပြန်
Published 19 April 2018

Forever Group Co.,Ltd မှ 4TV ရုပ်သံလိုင်းများကို Canal+ ရုပ်သံလိုင်းများဖြင့် ပြောင်းလဲပြသခြင်းကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် နစ်နာသည့် သုံးစွဲသူများအနေဖြင့် မိမိတို့နစ်နာသည့် အချက်အလက်များကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန (နေပြည်တော်) က ဧပြီ ၁၈ ရက် မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

Forever Group Co.,Ltd မှာ 4TV ရုပ်သံလိုင်းများကို Canal+ ရုပ်သံလိုင်းများဖြင့် ပြောင်းလဲပြသခြင်း ကိစ္စနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန Facebook Page မှ တစ်ဆင့်စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားလာသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် Forever Group Co.,Ltd အား နစ်နာမှုများကို ဖြေရှင်းပေးနိုင်ရေး ခေါ်ယူညှိနှိုင်းတွေဆုံခဲ့ကြောင်း၊ Forever Group Co.,Ltd နှင့် Canal+ Myanmar FG တို့က ဖြေရှင်းဆောင်ရွက်ပေးမည်ဟု သဘောတူညီမှု ရရှိခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ အချိန်ကာလတစ်ခုအထိ စောင့်ကြည့်စိစစ်ခဲ့သော်လည်း Forever Group Co.,Ltd နှင့် Canal+ Myanmar FG တို့က သုံးစွဲသူပြည်သူများထံ သတင်းအချက်အလက် ဖြန့်ဝေမှုမရှိခြင်း၊ လုံလောက်သော တာဝန်ယူ ဖြေရှင်းပေးမှုမရှိခြင်းတို့ကြောင့် သုံးစွဲသူပြည်သူများ အနေဖြင့် စိတ်ကျေနပ်မှုမရရှိသဖြင့် တယ်လီဖုန်းဖြင့်လည်းကောင်း၊ Facebook စာမျက်နှာများမှ တစ်ဆင့်လည်းကောင်း ထပ်မံတိုင်ကြားမှုများ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးနိုင်ရန်အတွက် စားသုံးသူပြည်သူများ အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များနှင့် စားသုံးသူရေးရာဦးစီး ဌာန၏ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC များသို့ မိမိတို့နစ်နာသည့် အချက်အလက်များကို သတ်မှတ်ထားသည့် တိုင်ကြားမှုပုံစံတွင် ပြည့်စုံစွာဖြည့်စွက်၍ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက သတင်းထုတ်ပြန်သည်။

“စားသုံးသူရေးရာဦးစီးဌာနက အစိုးရဌာနဖြစ်တော့ ဥပဒေအရပဲ ဆောင်ရွက်လို့ရတာ။ သူတို့နဲ့ ခေါ်ညှိတယ်။ သူတို့ကတိကဝတ်ပြုတာတွေကို ထုတ်ပြန်လိုက်တယ်။ သူတို့က ဘာတောင်းဆိုလဲဆိုတော့ ဒါတွေကို ဖြေရှင်းပေးဖို့ဆိုတာ တစ်နိုင်ငံလုံးကို ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အချိန်လိုတယ်ပေါ့။ အဲဒီတော့ ဒါနဲ့ပတ်သက်လို့ အချိန်ပေးမယ် စောင့်ကြည့်မယ်ဆိုပြီး ပြောလိုက်တာ။ ဒီကြားထဲမှာ စားသုံးသူရေးရာဦးစီးဌာနနဲ့ Forever နဲ့စာတွေ အပြန်အလှန်ရှိတယ်။ ဒါတွေကတော့ ထုတ်ပြန်ပေးလို့မရဘူး။ ဒီမတ်လကုန်တဲ့ အချိန်မှာ သူတို့အနေနဲ့ဒါတွေကို ဖြေရှင်းတာ ပြီးပြည့်စုံသလောက်ဖြစ်ပါပြီဆိုပြီး အကြောင်းကြားလာတယ်။ ဒါပေမဲ့ မဟုတ်သေးဘူး။ ခင်ဗျားတို့က လုံလောက်အောင် ရှင်းပေးနိုင်မှု မရှိသေးဘူး။ ကျွန်တော်တို့ဆီမှာလည်း ထပ်မံပြီးတော့ ကွန်ပလိန်းတွေ ရှိလာတယ်။ ခင်ဗျားတို့ ရပ်လို့မရဘူး။ ဖြေရှင်းတာ လုံလောက်မရှိဘူးဆိုပြီး စာနဲ့အကြောင်း ပြန်လိုက်တယ်။ အခုက တစ်နိုင်ငံလုံးမှာ ဖြစ်တာကို ညှိနှိုင်းပေးတာ။ ညှိနှိုင်းတာက အရေးယူတာ မဟုတ်ဘူး။ သူတို့လုပ်တာ စောင့်ကြည့်တယ်။ ဒါပေမဲ့ မတ် ၃၁ ရက်မှာ သူတို့ရဲ့ဖြေရှင်းမှုက အားရကျေနပ်ဖွယ်ရာ မရှိဘူး။ နောက်တစ်ခုက သူတို့က စားသုံးသူရေးရာ ဦးစီးဌာနကိုသာ စာတွေရေးပေမဲ့ သူတို့ရဲ့ စားသုံးသူတွေကို အသိပေးခြင်းမရှိဘူး။ စားသုံးသူရေးရာကိုပဲ စာလေးပို့ပြီး ဖျောင်းဖျပြီးတော့ တကယ့်ပြည်သူကို သတင်းမှန် မထုတ်ပြန်ပေးဘူး။ နောက်တစ်ခုက ဖြေရှင်းတဲ့နေရာမှာလည်း ရန်ကုန်နဲ့ မန္တလေးလောက်ပဲ အာရုံစိုက်လုပ်တယ်။ အဲဒါကြောင့် အခုသူတို့ဆီကို စာထပ်ပြီးပို့တယ်။ ဖြေရှင်းတာတွေက အားရကျေနပ်ဖွယ်မရှိဘူး။ ဒါဆိုရင် နောက်တစ်ဆင့်က ဥပဒေကြောင်းအရပဲ သွားရတော့မှာ” ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ညွန်ကြားရေးမှူးက ပြောကြားသည်။

၂၀၁၄ ခုနှစ် စားသုံးသူအခွင့်အရေး ကာကွယ်ပေးရေးဥပဒေတွင် နစ်နာမှုများကို တိုင်ကြားရန်လိုအပ်ပြီး ထိုသို့တိုင်ကြားပါက ဥပဒေအရ ဖွဲ့စည်းထားသည့် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ဖြေရှင်းပေးကြောင်း၊ ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တိုင်း/ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးက ဦးဆောင်ပြီး အတွင်းရေးမှူးအဖြစ် စားသုံးသူရေးရာဦးစီးဌာနမှ အကြီးအကဲ တစ်ဦးပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ အဖွဲ့အနေဖြင့် ဥပဒေအရ အရေးယူသင့်သည်ဆိုပါက လုပ်ငန်းအား ယာယီပိတ်သိမ်းခွင့်ရှိခြင်း၊ အမြဲတမ်း ပိတ်သိမ်းခွင့်ရှိခြင်းနှင့် လျော်ကြေးပေးခိုင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနရုံး အမှတ် ၅၂ ၌ စားသုံးသူရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးလှမော်ဦးနှင့် ဌာနတာဝန်ရှိသူများသည် Forever Group C o.,Ltd မှ အမှုဆောင်အရာရှိချုပ် ဦးဝင်းမော်၊ Canal+ Myanmar FG မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ 4TV ရုပ်သံလိုင်းများကို Canal+ ရုပ်သံလိုင်းများဖြင့် ပြောင်းလဲပြသခဲ့ခြင်းအပေါ် သုံးစွဲသူများမှ တိုင်ကြားလာခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Forever Group Co,Ltd မှ 4TV ရုပ်သံလိုင်းများကို Canal+ ရုပ်သံလိုင်းများဖြင့် ပြောင်းလဲပြသခြင်းကိစ္စနှင့်ပတ်သက်၍ ထိခိုက်နစ်နာသူများစွာ ရှိနိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိုင်ကြားမှုမပြုသူများရှိကာ တိုင်ကြားသူ ရာဂဏန်းခန့်သာရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားသည်။

Most Read

Most Recent