တနိုင်းဒေသတိုက်ပွဲများကြောင့် ပိတ်မိနေသည့် စစ်ရှောင်များကို ကူညီရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ စီစဉ်နေ

တနိုင်းဒေသတိုက်ပွဲများကြောင့် ပိတ်မိနေသည့် စစ်ရှောင်များကို ကူညီရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ စီစဉ်နေ
Published 19 April 2018

တိုက်ပွဲများကြောင့် ပိတ်မိနေသည့် စစ်ရှောင်များကို ကူညီရန် ကချင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေကြောင်း သတင်းရရှိသည်။

တပ်မတော်နှင့် KIA ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တနိုင်း-ဟူးကောင်းဒေသတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လကတည်း ဆက်တိုက်ပစ်ခတ်မှုများ ရှိနေခြင်းဖြစ်ပြီး ယခုရက်ပိုင်း ၂၀၁၈ ခုနှစ် ဧပြီ ၅ ရက်က KIA တပ်မဟာ (၂) လက်အောက်ခံရင်း ၁၄ က ပြောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများ ပြုလုပ်မည်ဖြစ်၍ အမြန်ဆုံးထွက်ခွာကြရန် ထုတ်ပြန်ခဲ့ပြီးနောက် ဖားကန့်နှင့် တနိုင်းမြို့နယ်တို့တွင် ပြင်းထန်သော ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ နှစ်သစ်ကူးကာလတွင် ပြင်းထန်သော ပစ်ခတ်မှုများရှိနေပြီး အရပ်သားသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အရပ်ဘက် အဖွဲ့အစည်းများနှင့် KIO/KIA ပြန်ကြားရေးဌာနက ဆိုသည်။

လက်ရှိတွင် ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများက ကယ်ဆယ်ရန် ပြင်ဆင်နေကြသော်လည်း တပ်မတော်ဘက်မှ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးဒီးဆင်ရမ်နှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ဆိုသည်။

ဥပဒေချုပ် ဦးဒီးဆင်ရမ်က “အစိုးရအဖွဲ့က လူမှုရေးဝန်ကြီးဦးဆောင်တဲ့အဖွဲ့တွေက ဒီနေ့ နံနက်ကထွက်သွားပြီ။ အောက်ခြေက အခြေအနေတွေကို မသိရသေးဘူး။ လူမှုကွန်ရက်ပေါ်တွေကတော့ ကျွန်တော်တို့လည်း အတည်မပြုတတ်ဘူး။ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ သွားရတာပါ။ ကူညီရေးပစ္စည်းတွေလည်း ပါမှာပါ” ဟု ပြောကြားသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ်က “လက်ရှိမှာ အင်းတော်ချောင်းဖျားလိုင်နောင်းခူက ရွာသူရွာသား ၁၅၀ ကျော်က ရွာပြန်ရောက်ပါပြီ။ အခုဆိုးဆိုးရွားရွား ဖြစ်နေတာက တနိုင်းအောင်လောဒ်ဘက်ပဲ။ လူနှစ်ထောင်လောက်မှာ ၉၇ ဦးက သက်ကြီးရွယ်အိုနဲ့ မကျန်းမာသူတွေ။ အရင်ရက်က လက်နက်ကြီးမှန်လို့ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရသူက အဲဒီအဖွဲ့ထဲမှာပဲ” ဟု ပြောကြားသည်။

Most Read

Most Recent