နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ခန္တီးအကျဉ်းထောင်မှ အကျဉ်းသား ၂၈၅ ဦး လွှတ်ပေးခဲ့ပြီး အခမဲ့ပြန်နိုင်ရန် ခန္တီးခရိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ စီစဉ်ဆောင်ရွက်ပေးခဲ့

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ခန္တီးအကျဉ်းထောင်မှ အကျဉ်းသား ၂၈၅ ဦး လွှတ်ပေးခဲ့ပြီး အခမဲ့ပြန်နိုင်ရန် ခန္တီးခရိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ စီစဉ်ဆောင်ရွက်ပေးခဲ့
Published 19 April 2018

လွတ်မြောက်ခဲ့သော အကျဉ်းသားများအား အမြန်ရေယာဉ်ဖြင့် ပြန်နိုင်ရန် စီစဉ်ပေးနေစဉ်

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ခန္တီးအကျဉ်းထောင်မှ အကျဉ်းသား ၂၈၅ ဦး လွှတ်ပေးခဲ့ပြီး အခမဲ့ပြန်နိုင်ရန် ခန္တီးခရိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ခန္တီးအကျဉ်းထောင်မှ အကျဉ်းသား ၂၈၅ ဦးကို ဧပြီ ၁၇ ရက်က လွှတ်ပေးခဲ့ပြီး အကျဉ်းသားအများစုမှာ အိမ်ပြန်ရန် ခရီးစရိတ် အခက်အခဲ ရှိနေကြသဖြင့် ခန္တီးခရိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ စီစဉ်ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်ကြောင်း ခန္တီးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။

“လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ခန္တီးအကျဉ်းထောင်က အကျဉ်းသား ၂၈၅ ဦး လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တော့ အများစုက အိမ်ပြန်ဖို့ခရီးစရိတ် အခက်အခဲ ရှိကြတာပေါ့။ ပုံမှန်လွတ်တာဆိုရင် မိဘတွေ၊ ဆွေမျိုးသားချင်းတွေက လာကြိုကြတယ်။ အခုက ဗြုန်းစားကြီးဆိုတော့ လာကြိုမယ့် လူလည်းမရှိ ပြန်ရမယ့်နေရာကလည်းဝေးတော့ အခက်တွေ့ကြတာပေါ့။ ခါတိုင်းတော့ အကျဉ်းဦးစီးဌာနက ထောက်ပံ့ပေးပေမဲ့ အခုကလူများတော့ တစ်ယောက်ကို ကျပ် ၁၀၀၀ လောက်ပဲ ထောက်ပံ့ပေးနိုင်တယ်။ ဒါနဲ့မနေ့က သူတို့လွတ်တော့ လတ်တလော နေစရာနေရာနဲ့ စားဖို့ကို ဘုန်းကြီးကျောင်းမှာ အကူအညီတောင်းပြီး စီစဉ်ပေးလိုက်တယ်။ ဒီနေ့မနက်တော့ အမြန်ယာဉ်နဲ့ပြန်နိုင်အောင် စီစဉ်ပေးလိုက်တယ်။ ပိုက်ဆံရှိတဲ့လူတွေကြတော့လည်း သူတို့ဟာ သူတို့ လက်မှတ်ဝယ်ပြီး ပြန်ကြတာပေါ့။ လက်မှတ်ဝယ်ပြီးပြန်နိုင်တာ ၂၅ ယောက်ပဲရှိတယ်။ တချို့ကြတော့ မပြန်သေးဘူး။ သူတို့ နီးစပ်ရာ ဆွေမျိုးတွေ အသိတွေအိမ်မှာ နေကြသေးတယ်။ အကျဉ်းသား ၁၈၀ ယောက်မှာ မုံရွာကို ၃၄ ယောက်၊ ဟုမ္မလင်းကိုတော့ အမြန်ယာဉ်နှစ်စင်းပေါ့။ ပုံမှန်ထွက်တဲ့ ပထမတစ်စီးမှာ ၅၆ ယောက်နဲ့ နောက်တစ်စင်းမှာ ၉၀ ကျော်လောက်။ အဲဒီ ၉၀ ယောက်ကို ဒီက မော်တော်ယာဉ်တစ်စင်းကို အကူအညီတောင်းပြီး ဆီငါးပေပါစီစဉ်ပြီး ထည့်ပေးလိုက်တယ်” ဟု ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။

လွတ်မြောက်ခဲ့သော အကျဉ်းသားများသည် ကျန်းမာရေးချို့တဲ့မှုမရှိသဖြင့် ဆေးဝါးကူညီထောက်ပံ့မှု မလိုအပ်သောကြောင့် မပေးအပ်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent