မတ်လတွင် ရခိုင်ပြည်နယ်နှင့် မန္တလေးမြို့၌ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေတွင် အနည်းဆုံးဖြစ်ပေါ်ခဲ့

မတ်လတွင် ရခိုင်ပြည်နယ်နှင့် မန္တလေးမြို့၌ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေတွင် အနည်းဆုံးဖြစ်ပေါ်ခဲ့
Published 19 April 2018

၂၀၁၈ ခုနှစ် မတ်လ၌ ရခိုင်ပြည်နယ်နှင့် မန္တလေးမြို့တို့တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၈ ခုနှစ် မတ်လအထိ ကချင်ပြည်နယ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၂၇ ရာခိုင်နှုန်း၊ ကယားပြည်နယ်တွင် ၄ ဒသမ ၂၁ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၃ ဒသမ ၇၉ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ၂ ဒသမ ၆၉ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဒသမ ၇၇ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၄ ဒသမ ၇၉ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၃ ဒသမ ၈၂ ရာ ခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီးတွင် ၃ ဒသမ ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၃ ဒသမ ၅၈ ရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ၄ ဒသမ ၅၀ရာ ခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၈ ဒသမ ၂၄ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ၄ ဒသမ ၇၀ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဒသမ ၈၀ ရာခိုင်နှုန်း၊ ပြည်ထောင်စုနယ်မြေတွင် ၀ ဒသမ ၅၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

အဓိကမြို့ကြီးသုံးမြို့၏ မတ်လပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ရန်ကုန်မြို့တွင် ၃ ဒသမ ၁၂ ရာခိုင်နှုန်း၊ မန္တလေးမြို့တွင် ၇ ဒသမ ၂၆ ရာခိုင်နှုန်း၊ နေပြည်တော်တွင် ၃ ဒသမ ၄၉ ရာခိုင်နှုန်းဖြစ်ပြီး တစ်နိုင်ငံလုံးအတွက် မတ်လပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၀၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေးမူဝါဒများ အပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေးကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံနှစ်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်း ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent