အစားအသောက်များ ဈေးကွက်မတင်မီ ထောက်ခံချက် လျှောက်ထားမှုများအတွက် အွန်လိုင်းမှတစ်ဆင့်လုပ်နိုင်ရန် FDA စီစဉ်နေပြီး USAID အကူအညီဖြင့် လုပ်ဆောင်မည်

အစားအသောက်များ ဈေးကွက်မတင်မီ ထောက်ခံချက် လျှောက်ထားမှုများအတွက် အွန်လိုင်းမှတစ်ဆင့်လုပ်နိုင်ရန် FDA စီစဉ်နေပြီး USAID အကူအညီဖြင့် လုပ်ဆောင်မည်
Published 19 April 2018

စူပါမားကတ်များတွင် ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ရှောင်တခင် စစ်ဆေးနေစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

အစားအသောက်များ ဈေးကွက်မတင်မီ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားမှုများအတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စီစဉ်နေပြီး USAID အကူအညီဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၏ ပြောကြားချက်အရ သိရသည်။

“အစားအသောက်တွေ တင်သွင်းမယ်၊ ဆေးဝါးတွေ မှတ်ပုံတင်မယ်၊ အလှကုန် ပစ္စည်းတွေကို မှတ်တမ်းတင်မယ်၊ အဲဒီလုပ်ငန်းတွေအတွက် လက်ရှိကတော့ ဌာနကို လာရတယ်။ ရုံးခွဲတွေကိုလာရတယ်။ နမူနာပစ္စည်းတွေ လာပို့ရတယ်။ လျှောက်လွှာလာ တင်ရတယ်။ ရိုးရိုးသာမာန် ဆောင်ရွက်နေတဲ့ လျှောက်လွှာပုံစံမျိုးကို ပုံမှန်လို့ခေါ်တာပေါ့။ ဒါကိုလည်းတော်တော်များများ ရုံးတွေမှာ ဆောင်ရွက်နေကြတယ်။ ဒါကိုပဲ ကမ္ဘာ့စနစ်ဖြစ်တဲ့ လုံခြုံမှုထက် လျင်မြန်မှုကို ပိုပြီးဦးစားပေးတဲ့ အွန်လိုင်းစနစ်ကိုသုံးပါမယ်။ လာရမယ်၊ လျှောက်ရမယ်၊ စာရွက်တွေ ဖြည့်ရမယ်၊ စုံစမ်းရမယ်၊ နမူနာတွေဖြည့်ရဦးမယ်ဆိုရင် သူကကြာတယ်။ အဲလိုမဖြစ်ရအောင် အွန်လိုင်းကနေလျှောက်တဲ့ စနစ် ဖြစ်ပါတယ်။ အွန်လိုင်းက လျှောက်တဲ့စနစ်ကို ကျွန်တော်တို့ ကြိုးစားနေတာကြာပါပြီ။ သို့သော်လည်း FDA တစ်ခုတည်း လုပ်လို့မရပါဘူး။ နှီးနွှယ်ပတ်သက်သူ အားလုံးပါရပါတယ်။ အခုဒါကို USAID အထောက်အပံ့နဲ့ ကျွန်တော်တို့ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။ ဒီ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည် ဖော်သွားနိုင်ဖို့ လုပ်ပါမယ်” ဟု ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

စားသောက်ကုန်လုပ်ငန်းများအတွက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပေးသည့် အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်နှင့်ပတ်သက်၍ လျှောက်ထားဆဲ ကာလတွင်ပင် ယာယီထောက်ခံချက်ပေးနိုင်ရန် လုပ်ဆောင်ထားကြောင်း သိရသည်။

အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များမှာ စားသောက်ကုန် ထုတ်လုပ်သူမှ ထောက်ခံချက် လျှောက်ထားခြင်း၊ အချက်အလက်စိစစ်ခြင်း၊ စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ မြို့နယ်အစာ/ ဆေးဝါး၊ လုပ်ငန်းသစ်ဖြစ်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ကိုယ်စားလှယ်)၊ ကွင်းဆင်းစစ်ဆေးစဉ် ကောက်ယူခဲ့သော နမူနာများ ဓာတ်ခွဲစစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးစဉ် ပြင်ဆင်/ပြုပြင်ရန် လိုအပ်ချက်များရှိပါက Inspection Team ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပြီးစီးမှု ဓာတ်ပုံမှတ်တမ်း၊ အချက်အလက်များ ထပ်မံတင်ပြခြင်း၊ Analysis report, Factory Layout, Label သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး Accomplishment report တင်ပြမှု ပြည့်စုံပါက ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အစည်းအဝေးသို့ ထောက်ခံချက် ထုတ်ပေးနိုင်ရန် တင်ပြခြင်း/အတည်ပြုခြင်း၊ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ထုတ်ပေးခြင်း (GMP နှစ်နှစ်၊ GHP တစ်နှစ်သက်တမ်း) ဖြစ်ကြောင်းနှင့် သက်တမ်းတိုးခြင်းကို သက်တမ်းမကုန်မီ နှစ်လကြိုတင် လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် လုပ်ငန်းတည်နေရာလိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ် အပတ်စဉ်အမှတ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် အမှတ်နှင့် လိုင်စင်အမှတ်များထည့်သွင်း ဖော်ပြရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်ကြေညာခဲ့သည်။

Most Read

Most Recent