၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းအတွင်း သစ်ခိုးတရားခံ ၆၅၀ ကျော် ဖမ်းမိခဲ့ပြီး သစ်တန် ၅၀၀၀ ကျော် သိမ်းဆည်းရမိ

၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းအတွင်း သစ်ခိုးတရားခံ ၆၅၀ ကျော် ဖမ်းမိခဲ့ပြီး သစ်တန် ၅၀၀၀ ကျော် သိမ်းဆည်းရမိ
Published 19 April 2018

၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း သစ်ခိုးထုတ်သူ တရားခံ ၆၅၀ ကျော် ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း သစ်တန် ၅၀၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

သိမ်းဆည်းရမိသည့် သစ်များမှာ ကျွန်း ၂၂၆၆ ဒသမ ၂၅၂၈ တန်၊ သစ်မာ ၁၆၁၅ ဒသမ ၆၉၉၅ တန်၊ အခြား ၁၃၃၁ ဒသမ ၃၂၀၇ တန်၊ စုစုပေါင်းသစ်တန် ၅၂၁၃ ဒသမ ၂၇၃၀ တန်ဖြစ်ပြီး ယာဉ်မျိုးစုံ ၄၅၈ စီး၊ တရားခံ ၆၅၂ ဦးအား ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ပဲခူးရိုးမအတွင်း တရားမဝင် သစ်ခိုးထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအတွက် ကာကွယ်တားဆီးရေး ကြီးကြပ်မှု ကော်မတီဖွဲ့ထားပြီး ပဲခူးရိုးမအတွင်းရှိ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ ရေရှည်တည်တံ့စေရန်နှင့် သစ်တောထွက်ပစ္စည်းများအား စနစ်တကျ ထုတ်ယူအသုံးပြုနိုင်ရန်၊ နည်းမျိုးစုံဖြင့် အဖိုးတန်သစ်နှင့် သစ်တောထွက်ပစ္စည်းများ တရားမဝင် ခိုးထုတ်မှုများကို ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု တားဆီးကာကွယ်နိုင်ရန်နှင့် ကော်မတီအဖွဲ့တွင် ဥပဒေနှင့် တရားရေးဌာနများ ပါဝင်လာသဖြင့် ထိရောက်သော ပြစ်မှု၊ ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရားမဝင်သစ် ဖမ်းဆီးရေးဂိတ်များ ဖွင့်လှစ်နိုင်ရန် အသေးစိတ်စီမံချက် ရေးဆွဲတင်ပြပေးရန်နှင့် တရားဥပဒေအရ ထိထိရောက်ရောက် ပြစ်မှု၊ ပြစ်ဒဏ်များချနိုင်ရန် သစ်တောဦးစီးဌာနနှင့် သက်ဆိုင်ရာဌာန အသီးသီးတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent