တွံတေးတူးမြောင်း ရေလမ်းကြောင်းကောင်းမွန်ရေး ကိုရီးယားချေးငွေ ဒေါ်လာသန်း ၆၀ ကျော်ဖြင့် ပြုပြင်ထိန်းသိမ်းမည်

တွံတေးတူးမြောင်း ရေလမ်းကြောင်းကောင်းမွန်ရေး ကိုရီးယားချေးငွေ ဒေါ်လာသန်း ၆၀ ကျော်ဖြင့် ပြုပြင်ထိန်းသိမ်းမည်
Published 19 April 2018

တွံတေးတူးမြောင်း ရေလမ်းကြောင်းကောင်းမွန်ရေး ဆောင်ရွက်နေစဉ်

တွံတေးတူးမြောင်း ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ကိုရီးယားချေးငွေ ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် ပြုပြင်ထိန်းသိမ်းမှုများ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

တွံတေးတူးမြောင်းသည် အရှည်အားဖြင့် ၂၁ မိုင်ရှိပြီး ရန်ကုန်မြို့နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများဖြစ်သည့် ဒေးဒရဲ၊ မအူပင်၊ ဖျာပုံ၊ မော်လမြိုင်၊ ဘိုကလေး၊ လပွတ္တာ၊ မြောင်းမြ အစရှိသည့် မြို့များအကြား အဓိက ကုန်စည်စီးဆင်းရာ ရေလမ်းကြောင်းတစ်ခု ဖြစ်သည်။

အဆိုပါ တွံတေးတူးမြောင်း၏ ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် တည်ငြိမ်ရေးအတွက် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ ၆၁ ဒသမ ၃ သန်း ချေးယူရန် ကိုရီးယားနိုင်ငံမှ သဘောတူညီမှု ရယူထားပြီးဖြစ်ကာ ယင်းသို့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ကိုရီးယားနိုင်ငံ ISAN ကုမ္ပဏီက လေ့လာမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

“ကိုရီးယားနိုင်ငံက ISAN ကုမ္ပဏီက လေ့လာမှုတွေပြုလုပ်ပြီး ဒီတူးမြောင်းကို ဘယ်လိုပြုပြင်မှုတွေ လုပ်သင့်တယ်ဆိုတာ အကြံပေးကြတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အဆင့်ဆင့် တင်ပြပြီးတော့ အားလုံးပြည့်စုံတဲ့ အဆင့်ရောက်နေပါပြီ။ ကိုရီးယားချေးငွေ ဒေါ်လာ ၆၁ ဒသမ ၃ သန်း ရယူဆောင်ရွက်သွားမှာပါ။ ဒီချေးငွေရဲ့စည်းကမ်းအရ ဆောင်ရွက်မယ့်ကုမ္ပဏီက ကိုရီးယားကုမ္ပဏီပဲ ဖြစ်ရမယ်။ ဒီအတွက် ပဏာမကုမ္ပဏီစာရင်းကို ကိုရီးယားဘက်က ရွေးပေးမယ်။ အဲဒီထဲကမှ မြန်မာအနေနဲ့ ဆန်ခါတင်ကုမ္ပဏီသုံးခု ပြန်ရွေးပေးပြီးတော့ အမှန်တကယ် ဆောင်ရွက်မယ့်ကုမ္ပဏီကို မြန်မာဘက်ရွေးပေးတဲ့ သုံးခုထဲက ကိုရီးယားဘက်က အတည်ပြုရွေးချယ်မှာပါ” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားသည်။

ထိုသို့ရွေးချယ်ရာတွင် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုကောင်းခြင်း၊ လုပ်ငန်းအောင်မြင်မှုအတိုင်း လုပ်ငန်းကျွမ်းကျင်မှု အနေအထား စသည့်အချက်များကိုမူတည်၍ ရွေးချယ်သွားမည်ဖြစ်ရာ အဆိုပါ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်လိုက်သည့်ကုမ္ပဏီနှင့် ၎င်းတို့ဌာနရှိ ပညာရှင်များနှင့် ပူးပေါင်း၍ စီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

တွံတေးတူးမြောင်းကို ၁၈၀၃ ခုနှစ်တွင် အင်္ဂလိပ်တို့က လူအင်အားသုံးကာ အရှည်သုံးမိုင်ခွဲ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ စတင်ဖောက်လုပ်ခဲ့စဉ်က ရေကို ထိန်းသိမ်းထားသည့်စနစ်ကြောင့် ကာလကြာသောအခါ ယိုယွင်းလာပြီး သုံးမိုင်ခွဲတွင် ဧရာမဝဲကြီးတစ်ခု ဖြစ်ခဲ့ပြီး အဆိုပါဝဲကြီးအတွင်း သင်္ဘောများ မှောက်သည့်ဖြစ်စဉ်များ ရှိခဲ့သည်။ အဆိုပါ ဝဲကြီးကို ပြေပျောက်စေရန် ၁၉၉၀ ပြည့်နှစ်အတွင်းက မြစ်ကြောင်းချဲ့ထွင်ခဲ့သော်လည်း ယခုကာလတွင် အဆိုပါဝဲကြီးကဲ့သို့ တွံတေးတူးမြောင်း သုညမိုင်အနီး ပြန်လည်ဖြစ်ပေါ်နေခြင်းကြောင့် ကမ်းပြိုမှုထိန်းသိမ်းရန် ခက်ခဲခြင်း၊ ရေလမ်းတည်ငြိမ်ရန် ခက်ခဲခြင်းဖြစ်ကာ တူးမြောင်းတစ်လျှောက်ရှိ ကမ်းပြိုကမ်းစားမှုများကိုလည်း တစ်ပါတည်း ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent