မြန်မာသရက်ဈေးကွက် ရေရှည်တည်မြဲရန် သရက်သီး ရင့်မှည့်ချိန်ရက်ကို သုတေသနပြု လုပ်ဆောင်မည်

မြန်မာသရက်ဈေးကွက် ရေရှည်တည်မြဲရန် သရက်သီး ရင့်မှည့်ချိန်ရက်ကို သုတေသနပြု လုပ်ဆောင်မည်
Published 19 April 2018

မြန်မာနိုင်ငံမှထွက်ရှိသည့် စိန်တလုံး သရက်သီး အပါအဝင် အခြားသရက်သီးများကို ရင့်မှည့်ချိန်မဟုတ်ဘဲ ခူးယူ၍ ပြည်ပတင်ပို့ရောင်းချမူကြောင့် မြန်မာသရက်ဈေးကွက်ကြာရင် ထိခိုက်လာနိုင်သော်ကြောင့် မြန်မာသရက်ဈေးကွက် ရေရှည်တည်မြဲရန်အတွက် သရက်သီး ရင့်မှည့်ချိန်ရက်ကို သုတေသနပြု လုပ်ဆောင်မည်ဟု မြန်မာသရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းထံမှ သိရသည်။

အဆိုပါ သရက်သီးများ မရင့်မှည့်ဘဲ ပြည်ပတင်ပို့ရောင်းချမူကြောင့် ယမန်နှစ်က မြန်မာစိန်တလုံး သရက်ချဉ်ပါသည်ဟု ပြဿနာ ရှိခဲ့ဖူးကြောင်း၊ ယခုနှစ်တွင်လည်း သရက်နှင့်ပတ်သက်ပြီး မူဆယ်ကုန်စည်ဒိုင် အသင်းကနေ ဧပြီ ၁၅ ရက်နောက်ပိုင်းမှ ပြည်ပတင်ပို့ရောင်းချရန် ကြေညာချက်ထုတ် မေတ္တာရပ်ခံထားသည်။ စိန်တလုံးရင့် မှည့်ရက်ကို တိတိကျကျ မဟုတ်သော်လည်း အများစု ရင့်မှည့်ရက်ရောက်ရန် လိုပါကြောင်း၊ အကယ်၍ မရင့်သောအသီးများ ပို့ပါများလာလျှင် မြန်မာသရက်သီး နာမည်ပျက်သွားပြီး နောက်ဆုံး ပြည်ပပို့ကုန်အိတ်စ်ပို့ဈေးကွက်ပါ ပျက်စီးသွားနိုင်သည့်အတွက် သရက်သီး မည်သည့်ရက်ပိုင်းတွင် အများဆုံးရင့်သည်နှင့် ပတ်သက်ပြီးသိဖို့ မြန်မာနိုင်ငံ နယ်ပေါင်းစုံမှာရှိတဲ့ အသင်းဝင်တွေ ပူးပေါင်းပြီး ဧပြီ ၂၀ ရက်ကစပြီး သုတေသန ပြုလုပ်သွားမည်ဟု မြန်မာသရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။

“ဘာကြောင့် ပျက်စီးသွားနိုင်လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့သရက်စိုက်ပျိုးထုတ်လုပ်တာက ကမ္ဘာ့ ၁၀ နိုင်ငံထဲမှာ မပါဝင်သေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သရက်စိုက်ဧကတွေက တိုးချဲ့နေတာဖြစ်တယ်။ ၂၀၀၉-၂၀၁၇ ခုနစ်အထိ စာရင်းဇယားတွေအရ သရက်စိုက်ဧက ၆၀၀၀၀ ကျော်လောက် တိုးတက်လာတယ်။ နောင်အလာလားတွေအရ သရက်သီးထွက်နှုန်းတွေကလည်း အများကြီး ရှိနေတယ်။ ကျွန်တော်တို့ စိန်တလုံးသရက်သီး မကောင်းဘူး။ နာမည်ပျက်လို့ မရပါဘူး။ မကောင်းဘူးဆိုတဲ့ နာမည်မျိုးနဲ့ ပိတ်ပင်ခံရမျိုးဖြစ်လို့ မရသေးဘူး။ ကျွန်တော်တို့ အသင်းအနေနဲ့လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဧပြီ ၁၀ ရက်၊ ဧပြီ ၁၅ ရက်၊ ဧပြီ ၂၀ ရက်၊ ဧပြီ ၂၅ ရက်စသဖြင့် နယ်ပေါင်းစုံမှာရှိတဲ့ အဓိက စိန်တလုံးသရက်သီးတွေကို ခူးပြီး ရင့် မရင့် စမ်းမယ်။ အဲဒီလို စမ်းသပ်တဲ့အခါမှာ နယ်ပေါင်းစုံကနေ ဘယ်ရက်မှာ သရက်သီးက ရင့်မှည့်တာမျိုး ရာခိုင်နှုန်းများတဲ့ ကာလလေးတစ်ခု ပေါ်လိမ့်မည့်လို့ ရည်ရွယ်ပါတယ်။ အဲဒီလို့ ရည်ရွယ် လုပ်ဆောင်လို့ နောင်မှာ သုသေတန တွေ့ရှိချက်အရ ဥပမာပေါ့ ဧပြီ ၂၀ ရက်ဝန်းကျင်မှ ရင့်မှည့်လာတယ်ဆိုရင် ကျွန်တော်တို့ ကုန်စည်ဒိုင်နဲ့ ခြံရှင်တွေ ညှိနှိုင်းပြီး ဧပြီ ၂၀ ရက်ထက်စောပြီး မရောင်းဖို့ ဆိုတာမျိုး သတ်မှတ်နိုင်ပါတယ်” ဟု မြန်မာသရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးကိုကိုက ဆက်လက်ပြောကြားသည်။

မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အနေဖြင့် သရက်စိုက်ပျိုးတောင်သူများအား မြေယာပြုပြင်ခြင်းနှင့် မြေသြဇာများအကြောင်း၊ အပင်ပိုးမွှားများနှင့် ပိုးသတ်ဆေးများအကြောင်း၊ အပင်ရောဂါနှင့် ကုသနည်းများအကြောင်း၊ GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများ)၊ ရိတ်သိမ်းချိန်လွန် သရက်သီး အသီးတင် အသီးများစေရန် နည်းပညာများ အကြောင်းတို့ကို သင်တန်းများပို့ချပေးလျက်ရှိပြီး စိန်တစ်လုံးသရက်မျိုးကွဲများ၊ ထွက်နှုန်းများ သိရှိနိုင်အောင် အသင်းသားများ ထည့်ဝင်ငွေဖြင့် ရန်ပုံငွေ တည်ထောင်ခဲ့ပြီး ယခုနှစ် သရက်သီးရာသီမှစတင်၍ သုတေသန ပြုလုပ်နေသည်ဟု အဆိုပါအသင်းမှ သိရသည်။