ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ကျေးရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ ကြွေကျသောကြောင့် ရေသွင်းနွေသီးနှံခင်းများ ပျက်စီးသဖြင့် မိုးသီးနှံအတွက် စိုးရိမ်နေကြရ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ကျေးရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ ကြွေကျသောကြောင့် ရေသွင်းနွေသီးနှံခင်းများ ပျက်စီးသဖြင့် မိုးသီးနှံအတွက် စိုးရိမ်နေကြရ
Published 18 April 2018

မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ ကြွေကျသောကြောင့် ပျက်စီးသွားသော ပြောင်းခင်းကို တွေ့ရစဉ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ ကြွေကျသောကြောင့် ရေသွင်းနွေသီးနှံခင်းများ ပျက်စီးသဖြင့် မိုးသီးနှံအတွက် စိုးရိမ်နေကြရကြောင်း သိရသည်။

ဧပြီ ၁၇ ရက် မွန်းတည့်အချိန်တွင် မိုးသီးများသည်းထန်စွာ ကျဆင်းသောကြောင့် စိုက်ခင်းများအပြင် အိမ်မွေးတိရစ္ဆာန်များ သေကျေပျက်စီးကြောင်း သိရသည်။

“လူကတော့ ငါးမိုင်က အလုပ်သမား တစ်ယောက် မိုးသီးမှန်ပြီး မထနိုင်လို့ ဆေးရုံပို့လိုက်ရတယ်။ အိမ်မွေးကြက်တွေ အတော်များများ သေကုန်တယ်။ သီးနှံတွေကတော့ ပြောင်းနဲ့စပါးခင်းတွေ ပျက်ကုန်တာ မြင်တဲ့အတိုင်းပဲ။ စံပြစိုက်ခင်းတွေပါ ပျက်ကုန်တာ။ ဧကကတော့ မခန့်မှန်းတတ်ပေမယ့် ဒီတစ်ကြောဆို ဧကထောင်ချီရှိမယ်။ နွေသီးက ပိုက်ဆံရတာ။ နွေသီးပျက်တော့ သွားပြီပေါ့” ဟု ဟိုဖိတ်ရွာနေ တောင်သူ ဦးလှစိုးက ပြောကြားသည်။

ထိုသို့သီးနှံများ မိုးသီးထိမှန်ပျက်စီးသောကြောင့် အချို့မှာ အသီးထွက်နှုန်း ကျသွားမည်ဖြစ်ပြီး အချို့မှာ လုံးဝပျက်စီးနိုင်ကြောင်း၊ လက်ရှိတွင် ပျက်စီးသည့်ဧကအား မခန့်မှန်းနိုင်သေးကြောင်း ဒီးမော့ဆို စိုက်ပျိုးရေးဦးစီးဌာနမှ ဧပြီ ၁၈ ရက်တွင် အပျက်အစီးများ ကွင်းဆင်း စစ်ဆေးနေသည့် ဝန်ထမ်းတစ်ဦးထံမှ သိရသည်။

“မနေ့ကဖြစ်တာဆို တစ်ခါမှ မကြုံဖူးဘူး။ မိုးသီးက လမ်းပေါ်မှာဆို အပြည့်ပဲ။ အိမ်ခေါင်းမိုးပေါ်လည်း တင်နေတာဖွေးနေကော။ ဂေါ်တွေနဲ့ထိုးချရတယ်။ ကြက်တွေလည်း သေကုန်တာ။ ချက်စားလိုက်ရတာပေါ့။ ဒီမနက်ထိ မိုးသီးက တချို့နေရာတွေ အရည်မပျော်သေးဘူး” ဟု ခြောက်မိုင်ဂေါ်ရခါးရွာသူတစ်ဦးက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ ကြွေသောကြောင့် စာသင်ကျောင်းများ အပါအဝင် လူနေအိမ် ၁၅ လုံး ပျက်စီးကြောင်း၊ စာသင်ကျောင်းများဖြစ်သော ဒေါဖုအမကခွဲ၊ ဒေါပဲ့ဒူ မူကြိုတို့ ပျက်စီးပြီး ဒေါခလိုက်လင်း၊ ဒေါဖု၊ ဒေါပဲ့ဒူမှ လူနေအိမ်ခြေ ၁၃ လုံး ပျက်စီးကြောင်း သိရသည်။

Most Read

Most Recent