ထားဝယ်မြို့ရှိ ကမြောကင်းတံတားတွင် ငါးဖမ်းစက်လှေတစ်စီး တံတားနှင့်ငြိနေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

ထားဝယ်မြို့ရှိ ကမြောကင်းတံတားတွင် ငါးဖမ်းစက်လှေတစ်စီး တံတားနှင့်ငြိနေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ
Published 18 April 2018

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ကမြောကင်းတံတားတွင် ယနေ့ဧပြီလ ၁၈ ရက်နေ့ မွန်းတည့်ပိုင်းမှ စတင်ကာ ငါးဖမ်းစက်လှေတစ်စီး တံတားနှင့်ငြိနေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ ဧပြီလ ၁၈ ရက်နေ့ ညသန်းခေါင်အချိန်ခန့်က ‘ကောင်းကောင်းမြတ်’ အမည်ရှိ ငါးဖမ်းပိုက်လှေငယ်မှာ ကမြောကင်းတံတားအောက်ဘက်ရှိ DDPC Shopping Center အနီး ရေပြင်တွင် နစ်မြှုပ်ခဲ့ပြီး လူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း၊ ၎င်းငါးဖမ်းပိုက်လှေငယ်ကို ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းက ‘အောင်ကောင်းမြတ်ထွန်း’ အမည်ရှိ ငါးဖမ်းပိုက်လှေအကြီးက ဆယ်ယူရန် ကြိုးစားရာမှ ရေတက်ချိန်ဖြစ်သည့် မွန်းတည့် ၁၁ နာရီကျော်အချိန်ခန့်တွင် လှေကြီး၏ပန်ကာအတွင်းသို့ ကြိုးဝင်သဖြင့် မောင်းနှင်မရတော့ဘဲ ရေစီးနှင့်အတူ မျောပါလာ၍ တံတားနှင့်ငြိနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တံတားနှင့်ငြိနေသည့် ငါးဖမ်းစက်လှေကို တံတားနှင့်လွတ်ကင်းစေရန် ကယ်ဆယ်ရေးအဖွဲ့များဖြင့် ဆောင်ရွက်နေသော်လည်း ရေတက်ချိန်ဖြစ်ခြင်းနှင့် ရေစီးသန်နေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်နေကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာသို့ မီးသတ်ကယ်ဆယ်ရေးအဖွဲ့နှင့် ဇမ္ဗူသီရိအဖွဲ့၊ ကြက်ခြေနီအဖွဲ့နှင့် ဒေသခံစက်လှေများဖြင့် ကယ်ဆယ်ရေး ဆောင်ရွက်နေပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ နောက်ဆုံးအခြေအနေဖြစ်သည့် မွန်းလွဲ ၁ နာရီ ၄၅ အချိန်ထိ ၎င်းငါးဖမ်းစက်လှေမှာ တံတားနှင့်ငြိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်သည်။

Most Read

Most Recent