သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၈၅၄၁ ဦး ပြန်လည်လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသား ၃၆ ဦး ပါဝင်

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၈၅၄၁ ဦး ပြန်လည်လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသား ၃၆ ဦး ပါဝင်
Published 18 April 2018

ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) တွင် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေး အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသူအချို့နှင့် စောင့်ကြိုနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနှစ်ဆန်းတစ်ရက်ဖြစ်သည့် ဧပြီ ၁၇ ရက်တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၈၅၄၁ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၃၆ ဦး ပါဝင်ကြောင်း သတင်းရရှိသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ၈၅၄၁ ဦးတွင် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၅၁ ဦးပါဝင်ကြောင်း သိရသည်။

မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) မှ ပြန်လည်လွတ်မြောက်လာသူများအား ကြိုဆိုနေစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

နိုင်ငံတော်သမ္မတ၏ နိုင်ငံသားပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုသည့် အမိန့်အမှတ် (၁၇/၂၀၁၈) တွင် မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၈၄၉၀ အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမိန့်အမှတ် (၁၈/၂၀၁၈) ဖြင့် မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၅၁ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာ ခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူအချို့အား ကြိုဆိုနေစဉ် (ဓာတ်ပုံ-စည်သူ)

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူများစာရင်းမှာ အသက် ၈၀ နှစ်နှင့် အထက် ၂၇ ဦး၊ အသက် ၇၅ မှ ၈၀ နှစ်အကြား ၂၉ ဦး၊ ကျန်းမာရေးမကောင်းသူ ၁၄ ဦး၊ လဝကအက်ဥပဒေ ၁၃ (၁) အရ နိုင်ငံခြားသား ၄၄ ဦး၊ မူးယစ်ပုဒ်မ ၁၅ ဖြင့် ပြစ်ဒဏ်ကျ ၁၄၆၂ ဦး၊ မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် ပြစ်ဒဏ်ကျ ၃၂၂၀ (ပြစ်ဒဏ်ကျခံရန်ကျန် သုံးနှစ်နှင့်အောက်)၊ မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ) ဖြင့် ပြစ်ဒဏ်ကျ ၁၆၈၀ (ပြစ်ဒဏ်ကျခံရန် ကျန်သုံးနှစ်နှင့် အောက်)၊ တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျ ၁၈၈၀၊ ရဲစည်းကမ်းထိန်းသိမ်းရေးပြစ်ဒဏ်ကျ ၁၄၁ ဦး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တင်ပြထားသောစာရင်းဝင် နိုင်ငံရေးအကျဉ်းသား ၃၆ ဦး၊ နိုင်ငံသားအကျဉ်းသူ တစ်ဦးနှင့် ဗီယက်နမ်အကျဉ်းသား ခုနစ်ဦးတို့ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ Facebook စာမျက်နှာတွင် ရေးသားမှုအရ သိရသည်။

မုံရွာအကျဉ်းထောင်မှ လွတ်မြောက်လာသူများအား ကြိုဆိုနေစဉ် (ဓာတ်ပုံ-ကောင်းခန့်လင်း)

သာယာဝတီအကျဉ်းထောင်မှ သေဒဏ်လေးခုနှင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသည့် ကိုသံချောင်းအပါအဝင် နိုင်ငံရေးအကျဉ်းသား သုံးဦး၊ စုစုပေါင်း အကျဉ်းသား အကျဉ်းသူ ၅၈ ဦး လွတ်မြောက်

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း သာယာဝတီအကျဉ်းထောင်မှ သေဒဏ်လေးခုနှင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသည့် ရဲဘော်သံချောင်း အပါအဝင် နိုင်ငံရေးအကျဉ်းသား သုံးဦး စုစုပေါင်း အကျဉ်းသားအကျဉ်းသူ ၅၈ ဦး လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။

မိတ္ထီလာအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအား ကြိုဆိုနေစဉ် (ဓာတ်ပုံ-ဝဏ္ဏ)

အဆိုပါ လွတ်ငြိမ်းခွင့်အား နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁၇/၂၀၁၈ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်အရ သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသား ၅၈ ဦး လွတ်မြောက်ရာတွင် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ရဲဘော်သံချောင်း၊ ဗိုလ်မှူးဝင်းနိုင်ကျော်နှင့် ဦးကျော်လှိုင်တို့ သုံးဦးပါဝင် လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်လွတ်တယ်ဆိုတာကို မယုံနိုင်သေးဘူး။ အခုချိန်က ကျွန်တော် ဘယ်လိုအခြေအနေမှာ ရပ်တည်ရမယ်ဆိုတာ မသိသေးတဲ့အတွက် ဘာမှတော့ ပြောလို့မရသေးပါဘူး” ဟု ရဲဘော်သံချောင်းက မီဒီယာများသို့ ပြောကြားသည်။

ရဲဘော်သံချောင်းသည် နဝတအစိုးရ လက်ထက်ကတည်းက သေဒဏ်လေးခုနှင့် ထောင်ဒဏ်နှစ် အကန့်အသတ်မရှိ ကျခံနေရသူဖြစ်ပြီး အငြိမ်းစားဗိုလ်မှူး ဝင်းနိုင်ကျော်မှာ သေဒဏ်နှင့် ထောင်ဒဏ် ၂၈ နှစ် ကျခံနေရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ပုသိမ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများ (ဓာတ်ပုံ-နီလာစိုး)

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြင့် ထားဝယ်အကျဉ်းထောင်မှ ၆၄ ဦး လွတ်မြောက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီ ၁၇ ရက်က အကျဉ်းသား ၆၄ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ထားဝယ်အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည့် အကျဉ်းသားများထဲ၌ အမျိုးသား ၅၈ ဦးနှင့် အမျိုးသမီးခြောက်ဦး စုစုပေါင်း ၆၄ ဦးအား မွန်းလွဲ ၁ နာရီခွဲတွင် လွှတ်ပေးခဲ့ကြောင်း ထားဝယ်အကျဉ်းထောင် တာဝန်ရှိသူထံမှ သိရသည်။

“နိုင်ငံတော်သမ္မတ လွတ်ငြိမ်းခွင့်နဲ့ ထားဝယ်အကျဉ်းထောင်ကနေ အကျဉ်းသား ၅၈ ဦး၊ အကျဉ်းသူ ခြောက်ဦး ပေါင်း ၆၄ ဦးကို မွန်းလွဲ ၁ နာရီခွဲတွင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက သြဝါဒပေးပြီး လွှတ်ပေးခဲ့တယ်။ ထောက်ပံ့ကြေးအဖြစ် တစ်ဦးကို နိုင်ငံတော်ကျခံငွေ ၁၀၀၀ ကျပ်စီ ပေးခဲ့ပါတယ်” ဟု ထားဝယ်အကျဉ်းထောင် တာဝန်ရှိသူက ပြောကြားသည်။ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ထားဝယ်အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည့် အကျဉ်းသားများထဲ၌ မည်သည့်ပြစ်ဒဏ်ဖြင့် ကျခံနေသူများ ပါဝင်ကြောင်းကိုမူ ပြောခွင့်မရှိကြောင်း ထားဝယ်အကျဉ်းထောင် တာဝန်ရှိသူက ပြောကြားသည်။

ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသူများအား ကြိုဆိုနေစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား ၂၁ ဦးနှင့် အကျဉ်းသူတစ်ဦး စုစုပေါင်း ၂၂ ဦး လွတ်မြောက်

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီ ၁၇ ရက် နံနက်က ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား ၂၁ ဦးနှင့် အကျဉ်းသူတစ်ဦး စုစုပေါင်း ၂၂ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံသမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများအား လွတ်ပေးသည့် အခမ်းအနားကို ပခုက္ကူအကျဉ်းထောင်တွင် ပြုလုပ်ခဲ့ပြီး တာဝန်ခံအရာရှိ၊ အခြားအဆင့်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာအရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရရှိသည့် အကျဉ်းသားများအား အကျဉ်းထောင်တာဝန်ခံအရာရှိက နိုင်ငံတော်အကြီးအကဲများ၏ စေတနာကို နားလည်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စေတနာကို နားလည်ပါက ဥပဒေနှင့်အညီ ကောင်းမွန်စွာ နေထိုင်သွားရန်လိုကြောင်း၊ နိုင်ငံတော်အတွက် တစ်စုံတစ်ရာ လုပ်မပေးနိုင်စေကာမူ နိုင်ငံတော်ဂုဏ်သိက္ခာ မကျဆင်းစေရန် နေထိုင်သင့်ပြီး ထောင်သို့ နောက်တစ်ခါ ပြန်မရောက်ရန် စည်းကမ်းကျစွာ နေထိုင်ဖို့လိုကြောင်း ဆုံးမစကားပြောကြားပြီး ထောင်ထွက်လက်မှတ်နှင့် ထောက်ပံငွေများ ပေးအပ်ခဲ့သည်။

ပခုက္ကူအကျဉ်းထောင်မှ လွတ်မြောက်လာသူ ၂၂ ဦးတွင် တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျခံရသူခြောက်ဦး၊ မူးယစ်ဆေးဝါးနှင့်ဆိုင်သောပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၁၆ ဦး ပါဝင်ကြောင်း သိရသည်။

စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူများအား ကြိုဆိုနေစဉ် (ဓာတ်ပုံ-သန်းလှိုင်)

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းသား ၆၄ ဦး လွတ်မြောက်

၂၀၁၈ ခုနှစ် ဧပြီ ၁၇ ရက်၊ အင်္ဂါနေ့ (မြန်မာနှစ်ဆန်းတစ်ရက်) က နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မိတ္ထီလာအကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၅၄ ဦး၊ အကျဉ်းသူ ၁၀ ဦး စုစုပေါင်းအကျဉ်းသား ၆၄ ဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ “ကျွန်တော် တပ်မတော်အက်ဥပဒေနဲ့ အကျဉ်းကျတာပါ။ ထောင်သုံးနှစ်ကျတာ။ ၁၁ လကျန်သေးတယ်။ အခုလို လွတ်လာတာ အရမ်းဝမ်းသာတယ်။ တပ်မတော်ထဲမှာတုန်းက ကျွန်တော်က ဗိုလ်ကြီးအဆင့်နဲ့ ဆေးမှူးတာဝန်ထမ်းဆောင်ခဲ့တာပါ။ ဇာတိက မုံရွာပြန်မှာပါ” ဟု ဒေါက်တာရဲရင့် (ဗိုလ်ကြီးဟောင်း) က ပြောကြားသည်။

ပခုက္ကူအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

မြစ်ကြီးနား အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား အကျဉ်းသူ ၄၇၀ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်

မြစ်ကြီးနား အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား အကျဉ်းသူ ၄၇၀ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နှစ်ဆန်းတစ်ရက်တွင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်မြောက်လာသူများတွင် မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ အများဆုံး ပါဝင်ပြီး ကချင်ပြည်နယ်တွင် မြစ်ကြီးနားထောင်၊ ဗန်းမော်ထောင်၊ မိုးညှင်းထောင်၊ ပူတာအိုထောင်နှင့် မလိခ (ပိတောင်) စခန်းမှ လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် လွတ်မြောက်လာသူ စုစုပေါင်း ၉၇၅ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားများအား နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပေါင်းတည်အကျဉ်းထောင်မှ တပ်မတော်အက်ဖြင့် ထောင်ဒဏ်ကျခံနေရသူ ၁၅ ဦး လွတ်မြောက်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပေါင်းတည်အကျဉ်းထောင်မှ တပ်မတော်အက်ဖြင့် ထောင်ဒဏ်ကျခံနေရသူ ၁၅ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းခွင့်ရရှိသူ ၁၇ ဦးအနက် နှစ်ဦးမှာ လွတ်ရက်စေ့ဖြင့် ကြိုတင်လွတ်မြောက်သွားပြီဖြစ်ကာ ၁၅ ဦးမှာ ဧပြီ ၁၇ ရက် နေ့လယ် ၁၁ နာရီခန့်က လွတ်မြောက်ခဲ့ကာ တပ်မတော်အက်ဥပဒေ ၃၇(၁) ဖြင့် ထောင်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင် အကျဉ်းထောင်မှလည်း ရဲဘော်သံချောင်း အပါအဝင် နိုင်ငံရေးအကျဉ်းသားသုံးဦး၊ အကျဉ်းသား အကျဉ်းသူပေါင်း ၅၈ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ပေါင်းတည်အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ ၅၀၀ ဆံ့ကာ လက်ရှိတွင် အကျဉ်းသားဦးရေ ၃၂၆ ဦးရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မုံရွာအကျဉ်းထောင်မှ အကျဉ်းသား ၄၁ ဦး လွတ်မြောက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာအကျဉ်းထောင်တွင် ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မုံရွာအကျဉ်းထောင်မှ အကျဉ်းသား ၄၁ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မုံရွာအကျဉ်းထောင်မှ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည့် အကျဉ်းသားများထဲတွင် ပုဒ်မအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသူများအား လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် အကျဉ်းထောင် ငါးခုရှိကြောင်း၊ ယင်းအကျဉ်းထောင် ငါးခုသည် မုံရွာအကျဉ်းထောင်၊ ရွှေဘိုအကျဉ်းထောင်၊ ကသာအကျဉ်းထောင်၊ ကလေးအကျဉ်းထောင်နှင့် ခန္တီးအကျဉ်းထောင်တို့တွင် အကျဉ်းကျနေသည့် အကျဉ်းသားအချို့အား နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားအချို့အား လွှတ်ပေးမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

မုံရွာအကျဉ်းထောင်မှ ဧပြီ ၁၇ ရက်တွင် လွတ်မြောက်လာသည့် အကျဉ်းသားများသည် အမျိုးသားသုံးဦးနှင့် တရုတ်နိုင်ငံသားနှစ်ဦးအား အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအား ကြိုဆိုနေစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)

နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပုသိမ်မြို့ အကျဉ်းထောင်မှ နှစ်ပေါင်း ၁၀၁ နှစ် ထောင်ဒဏ်ကျခံခဲ့ရသည့် ABSDF မှ ဦးသန်းကိုဦး အပါအဝင် ၄၇ ဦး ပြန်လည်လွတ်မြောက်

နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပုသိမ်အကျဉ်းထောင်မှ နှစ်ပေါင်း ၁၀၁ နှစ် ထောင်ဒဏ်ကျခံခဲ့ရသည့် ABSDF မှ ဦးသန်းကိုဦး အပါအဝင် ၄၇ ဦး ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

“ပုသိမ်အကျဉ်းထောင်ကနေ ကျား ၄၆ ဦး မတစ်ဦးနဲ့ စုစုပေါင်း ၄၇ ဦး လွတ်မြောက်ခဲ့ပါတယ်။ သြင်္ကန်အကြိုကလည်း အများလွှတ်တယ်ဆိုတော့ မဆိုးဘူးပေါ့။ ပုသိမ်အကျဉ်းထောင်က တော်တော်များများလွတ်တော့ အကျဉ်းသားတွေလည်း ဝမ်းသာကြတာပေါ့။ နိုင်ငံတော်အစိုးရကိုလည်း အများကြီး ကျေးဇူးတင်ကြပါတယ်။ အခုလို နှစ်သစ်အခါသမယမှာ ကောင်းပါတယ်” ဟု ပုသိမ်အကျဉ်းထောင် ဒုထောင်ပိုင် ဦးတင့်လွင်က ပြောကြားသည်။ ပုသိမ်အကျဉ်းထောင်မှ မွန်းလွဲ ၂ နာရီကျော်တွင် လွတ်မြောက်ခဲ့ပြီး လာရောက်ကြိုဆိုသူများလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မည်ဆိုသောကြောင့် မိသားစုများ လာရောက် စောင့်ဆိုင်းနေသူများလည်း ရှိခဲ့ကြသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကသာအကျဉ်းထောင်မှ အကျဉ်းသား ၁၀၇ ဦး လွှတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာအကျဉ်းထောင်တွင် ဧပြီ ၁၇ ရက်က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကသာအကျဉ်းထောင်မှ အကျဉ်းသား ၁၀၇ ဦး လွှတ်ပေးလိုက်ကြောင်း သိရသည်။

ယင်းအကျဉ်းထောင်မှ လွတ်မြောက်လာသူများထဲတွင် မူးယစ်ဆေးဝါးအမှုဖြင့် လွတ်မြောက်လာသူ အများဆုံးဖြစ်ကြောင်း အကျဉ်းသားလွှတ်ပေးသည့် ကသာအကျဉ်းထောင်သို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာမှ အကြီးအကဲများလည်း လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ကသာအကျဉ်းထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသားများသည် အမျိုးသား ၈၈ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၁၀၇ ဦး ဖြစ်ကြောင်း သိရသည်။

ဟင်္သာတခရိုင်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအား ကြိုဆိုနေစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး)

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဘားအံအကျဉ်းထောင်နှင့် ဘဝသစ်စိုက်ပျိုးမွေးမြူရေးစခန်းမှ အကျဉ်းသား ၁၅၆ ဦး လွှတ်ပေး

ဘားအံအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၅၆ ဦး၊ အကျဉ်းသူ ၂၈ ဦး၊ ဘဝသစ်စိုက်ပျိုးမွေးမြူရေးစခန်း (လက္ခဏ) မှ အကျဉ်းသား ၇၂ ဦး၊ စုစုပေါင်း ၁၅၆ ဦးတို့ ယနေ့ မွန်းလွဲတစ်နာရီကျော်အချိန်က လွတ်မြောက်လာကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သရက်အကျဉ်းထောင်နှင့် ဘဝသစ်စိုက်ပျိုးမွေးမြူ ရေးစခန်းမှ အကျဉ်းသား ၄၄ ဦး လွှတ်ပေး

သရက်အကျဉ်းထောင်တွင် အကျဉ်းသား ၄၂ ဦးနှင့် အကျဉ်းသူနှစ်ဦး လွတ်မြောက်ခဲ့ပြီး နှစ်ရှည် ထောင်ဒဏ်ချခံနေရသည့် နိုင်ငံရေးအကျဉ်းသား ဦးစိုင်းဖုန်းတင့် ပါဝင်ကြောင်း သိရပါသည်။

လားရှိုးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၁၆၂ ဦး လွတ်မြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၁၁၉ ဦး၊ အကျဉ်းသူ ၄၃ ဦး စုစုပေါင်း ၁၆၂ ဦးသည် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို) မှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၄၆၀ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်

မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို)မှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ စုစုပေါင်း ၄၆၀ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနှစ်ဆန်းတစ်ရက် (ဧပြီ ၁၇ ရက်) မွန်းလွဲပိုင်းက လွတ်မြောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီ ၁၇ ရက်က မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၄၂၈ ဦး၊ အကျဉ်းသူ ၃၂ ဦး လွတ်မြောက်ခဲ့ကာ မတရားအသင်း အက်ဥပဒေ ၁၇ (၁)၊ ၂၁ (က) ဖြင့် သေဒဏ်ကျခံနေရသည့် အကျဉ်းသားတစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ထုံးဘိုကုန်ထုတ်လုပ်ရေးစခန်း (၁) မှ အကျဉ်းသား ၁၈၁ ဦး၊ ထုံးဘိုကုန်ထုတ်လုပ်ရေးစခန်း (၂) မှ အကျဉ်းသား ၁၃၆ ဦး၊ ကျောက်ချောကုန်ထုတ်လုပ်ရေးစခန်းမှ အကျဉ်းသူ ၁၅၁ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ အခုလို လွတ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ဝမ်းသာလားဆိုတော့ ထောင်ထဲမှာကျန်နေခဲ့တဲ့ မတရားသေဒဏ်ပြစ်ဒဏ် အပြစ်ပေးခံထားရတဲ့သူတွေ အများကြီး ကျန်နေပါသေးတယ်။ ကျွန်တော်က ထောင်ထဲမှာ ၂၀၁၁ ခုနှစ်ကနေ အခု ၂၀၁၈ အထိ နေခဲ့ရပါတယ်။ ပြစ်မှုကတော့ KNU အဖွဲ့အစည်းနဲ့ ဆက်သွယ်ခဲ့တယ် ဆိုပြီးတော့ တပ်မ ၇၁ ကနေ ၁၇ (၁)၊ ၂၁ (က)နဲ့ စွဲဆိုပြီး သေဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု သေဒဏ်ချမှတ်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သူ ကိုသိန်းဇော်က ပြောကြားသည်။

စစ်တွေအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်သူ ၈၇ ဦးရှိပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သူ သုံးဦး ပါဝင်

စစ်တွေအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်သူ ၈၇ ဦးရှိခဲ့ရာ နိုင်ငံရေးနှင့်ဆက်နွှယ်သူ သုံးဦးပါဝင်ခဲ့ကြောင်း သိရပြီး အကျဉ်းသားများအား ၃ နာရီ ၃၅ မိနစ်ခန့်တွင် စတင်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြတန်ဆောင်းဆရာတော်က “နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးစေချင်တာပေါ့။ ဒါပေမဲ့ အခုက နိုင်ငံရေးအကျဉ်းသား နည်းနည်းလေးသာပါတယ်။ ရခိုင့်တပ်မတော်ကလည်း သုံးယောက်ကျန်သေးတယ်။ ဒေါက်တာအေးမောင်၊ ဝေဟင်အောင်ကျန်တယ်။ ပြီးတော့ မိုင်းပေါက်ကွဲမှုနဲ့ အဖမ်းခံရသူတွေကိုလည်း လွှတ်ပေးစေချင်တယ်။ ဒီမှာလွတ်ပြီး မြောက်ဦးထပ်ပြီးတော့ ရမန်ယူတယ်ဆိုတာမျိုးကလည်း တအားကြီး လက်လွတ်စပယ်နိုင်လွန်းအားကြီးတယ်။ မင်းမဲ့ဆန်တယ်လို့မြင်တယ်။ ဒီကိစ္စအပေါ်မှာ သက်ဆိုင်သူတွေ အနေနဲ့ ပြန်ပြီးစဉ်းစားပေးစေချင်ပါတယ်” ဟု ပြောကြားသည်။

အလားတူစွာပင် မတရားအသင်းနှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး ထောင်ငါးနှစ်ကျခဲ့သူ ကိုထွန်းထွန်းနိုင်ကလည်း အကျဉ်းသားများအား လွှတ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ မတရားအသင်းဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ အဖမ်းခံခဲ့ရစဉ်က နှိပ်စက်ခြင်းများ ရှိသော်လည်း ထောင်အတွင်း နှိပ်စက်ခံခဲ့ရခြင်းမျိုး မရှိခဲ့ကြောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြိတ်ခရိုင်အတွင်း အကျဉ်းသား ၂၉၃ ဦးကို လွှတ်ပေးခဲ့ပြီး မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျခံနေရသူ အများစု ပါဝင်ခဲ့

မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်) တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများအား လွှတ်ပေးခဲ့ရာ မြိတ်ခရိုင်အတွင်းအကျဉ်းသား ၂၉၃ ဦး ပါဝင်ခဲ့ပြီး မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျခံနေရသူ အများစု ပါဝင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး အမိန့်စာအမှတ် ၁၇/ ၂၀၁၈ ကျင့် ၄၀၁ (ခ )အရ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရာတွင် အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရ နိုင်ငံသားအကျဉ်းသား/သူ ၈၄၉၀ လွတ်ငြိမ်းချမ်းသာ ခွင့်ရခဲ့ကြောင်း သိရသည်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် မြိတ်ခရိုင်အတွင်းရှိ အကျဉ်းထောင်နှင့် စခန်းအသီးသီးမှ အကျဉ်းသား/သူ ၂၉၃ ဦး ပါဝင်ခဲ့ပြီး အများစုမှာ မူးယစ်ဆေးဝါးအမှုများဖြင့် အကျဉ်းကျခံနေရသူများဖြစ်ကြောင်း သိရသည်။ “ဒီနေ့ကျွန်တော်တို့ မြိတ်အကျဉ်းထောင်ကနေ ကျား ၄၇ ဦး၊ မ ၉ ဦး အားလုံးပေါင်း ၅၇ ဦး လွှတ်ပေးလိုက်တာပါ။ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပိုင်းမှာ အများစုကတော့ မူးယစ်ဆေးသုံးစွဲတဲ့အမှု ပြစ်ဒဏ်ကျခံနေရတဲ့သူတွေ များပါတယ်။ အသက်ကြီး အကျဉ်းသူတစ်ဦးပါတယ်။ အသက် ၆၀ ကျော် အဖွားတစ်ဦးပါတယ်။ အားလုံးပေါင်းလိုက်ရင် ၅၇ ဦးပါ။ နိုင်ငံရေးအကျဉ်းသား မရှိပါဘူး။ စည်းကမ်းသတ်မှတ်ချက်မထားဘဲနဲ့ ဆောင်ရွက်တာပါ ၄၀၁( ခ ) ဆိုတဲ့ အဓိပ္ပာယ်ပါ” ဟု မြိတ်အကျဉ်းထောင်မှ လက်ထောက်ညွန်ကြားရေးမှူး ဦးနိုင်စိုးလင်းက ဆိုသည်။

ဟင်္သာတအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူ ၂၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်

ဟင်္သာတအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူ ၂၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသားများကို ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား ၂၁ ဦးနှင့် အကျဉ်းသူ နှစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

လွတ်မြောက်ခဲ့သူများမှာ မူးယစ်ပုဒ်မဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၁၂ ဦး၊ စစ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ ရှစ်ဦးနှင့် ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ သုံးဦးတို့ဖြစ်ကြောင်း သိရသည်။ ဟင်္သာတအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သူများမှာ အနိမ့်ဆုံးပြစ်ဒဏ် ခြောက်လမှ အမြင့်ဆုံးပြစ်ဒဏ် ၁၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

လွတ်မြောက်ခဲ့သူများအနက် အမြင့်ဆုံးပြစ်ဒဏ် ၁၂ နှစ် ချမှတ်ခြင်းခံရသူမှာ ကချင်ပြည်နယ်မှဖြစ်ပြီး ဘိန်းဖြူသုံးစွဲမှုနှင့် ၎င်းကိုယ်ပေါ်မှ ဘိန်းဖြူ ၀ ဒသမ ၀၇၁ ဂရမ် တွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်ကာ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက် နိုင်ငံတော်သမ္မတရုံး အမိန့်အရ မူလပြစ်ဒဏ် ၁၂ နှစ်၏ လေးပုံ တစ်ပုံဖြစ်သော လျှော့ရက်ပေါင်း ၁၀၈၀ ရက်အား လျှော့ပေါ့ခံစားခွင့် ရရှိထားသူဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင် အကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၃ ဦး အပါအဝင် အကျဉ်းသားစုစုပေါင်း ၅၈ ဦး လွှတ်ပေး

ဧပြီ ၁၇ ရက်က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင် အကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၃ ဦး အပါအဝင် အကျဉ်းသားစုစုပေါင်း ၅၈ ဦး လွှတ်ပေးလိုက်ကြောင်း သိရသည်။

လွတ်မြောက်လာသူ အကျဉ်းသားများတွင် လဝက အက် ၁၃ (၁) ဖြင့် အကျဉ်းကျခံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား ၂၃ ဦး၊ တိုင်းရင်းသားအမျိုးသား ၁၆ ဦး၊ ဘင်္ဂါလီ အမျိုးသား ၁၂ ဦးနှင့် ဘင်္ဂါလီအမျိုးသမီး ၇ ဦး စုစုပေါင်း ၅၈ ဦးဖြစ်ကြောင်း သိရသည်။

ပြစ်ဒဏ်မှလွှတ်ပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား နှစ်နိုင်ငံ ညှိနှိုင်း ပြည်နှင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent