မြိတ်မြို့ အိမ်တော်ဖြူဟိုတယ် ရေကူးကန်တွင် လျှပ်စစ်ဝါယာကြိုးခွေ ရေကူးကန်အတွင်း ပြုတ်ကျပြီး တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရ

မြိတ်မြို့ အိမ်တော်ဖြူဟိုတယ် ရေကူးကန်တွင် လျှပ်စစ်ဝါယာကြိုးခွေ ရေကူးကန်အတွင်း ပြုတ်ကျပြီး တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရ
Published 18 April 2018

မြိတ်မြို့ရှိ အိမ်တော်ဖြူဟိုတယ် ရေကူးကန်တွင် လျှပ်စစ်ဝါယာကြိုးခွေ ရေကူးကန်အတွင်း ပြုတ်ကျရာမှ ရေကူးနေသည့် လူတစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

မြိတ်မြို့ ကန်ဖျားရပ်ကွက် ကန်ဖျားလမ်းမကြီးရှိ အိမ်တော်ဖြူဟိုတယ်၌ ဖွင့်လှစ်ထားသော ရေကူးကန်တွင် ဧပြီ ၁၇ ရက် ညနေပိုင်းက ဇင်ကိုကိုပြည့် (၂၆ နှစ်)၊ ထွဋ်နေအောင် (၂၆ နှစ်)၊ သက်လွင်ဦး (၂၅ နှစ်)၊ ဟန်မင်းဇော်( ၂၂ နှစ်) နှင့် ရဲနိုင် (၂၃ နှစ်) ဆိုသူတို့ ရေကူးနေစဉ် ရေကူးကန်အတွင်းမှ သက်လွင်ဦးမှရေထဲတွင် ဓာတ်လိုက်နေသည်ဟု အော်ပြောသောကြောင့် ရေကူးကန်ဘောင်ပေါ် Live လွှင့်နေသည့် ရဲနိုင်မှ အိမ်တော်ဖြူဟိုတယ်မန်နေဂျာ ဦးမင်းဇော်နှင့် ဝန်ထမ်း အောင်အောင်ဆိုသူအား သွားရောက် အကြောင်းကြားခဲ့ကြောင်း သိရသည်။ ဝန်ထမ်းများက လျှပ်စစ်ဒါးမိန်းချလိုက်သည့်အတွက် လျှပ်စစ်မီးပြတ်တောက်သွားမှ ရေထဲတွင် ရှိနေသူများကို ဆွဲတင်ခဲ့ရကြောင်း သိရသည်။ “လူငယ်ငါးဦးက ရေကူးကန်မှာ အပန်းဖြေ အပျော်ရေလာကူးကြတယ်။ ရေကူးနေတုန်း ဓာတ်ခံလိုက်ရတယ်။ ကျွန်တော်တို့စစ်ဆေးကြည့်တော့ ကန်နားမှာရှိတဲ့ ဝါယာကြိုးခွေက တစ်ခုခုနှင့် တိုက်မိပြီး ရေထဲပြုတ်ကျနေတယ် အဲဒီကနေ ဓာတ်လိုက်သွားတာဖြစ်တယ်” ဟု မြိတ်မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်နိုင်စိုးထွဋ်မှ ပြောကြားခဲ့သည်။ ဓာတ်လိုက်ခံရသူများကို မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့စဉ် ဇင်ကိုကိုပြည့်မှာ လမ်းတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးရာ ဟိုတယ်ဝန်ထမ်းဖြစ်သူ အောင်အောင်မှာ လွန်ခဲ့သည့် နှစ်ရက်က ရေညှိစုပ်စက်တွင် အသုံးပြုသည့် ဝါယာကြိုးခွေအား ရေကူးကန်အနီးတွင်ထားရှိပြီး ပြန်လည်သိမ်းဆည်းခဲ့ခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူ အိမ်တော်ဖြူ ဟိုတယ်ဝန်ထမ်းအောင်အောင် (၂၄ နှစ်) (ဘ) ဦးကျော်အေး၊ ရွာကောက်အုပ်စု၊ ပျဉ်းမနားမြို့နေသူအား (ပ)၅၁၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent