ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ် ရေကစားမဏ္ဍပ်တွင် ရန်ဖြစ်ဆဲဆိုသူများကို ဖြောင်းဖြ၍ လိုက်လံထိန်းသိမ်းရာမှ ရဲသားတစ်ဦး၏ ခြောက်လှန့်ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေနတ်မှန်ပြီး သေဆံုံး

ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ် ရေကစားမဏ္ဍပ်တွင် ရန်ဖြစ်ဆဲဆိုသူများကို ဖြောင်းဖြ၍ လိုက်လံထိန်းသိမ်းရာမှ ရဲသားတစ်ဦး၏ ခြောက်လှန့်ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေနတ်မှန်ပြီး သေဆံုံး
Published 18 April 2018

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ် ရေကစားမဏ္ဍပ်တွင် ရန်ဖြစ်ဆဲဆိုသူများကို ဖြောင်းဖြ၍ လိုက်လံထိန်းသိမ်းရာမှ ရဲသားတစ်ဦး၏ ခြောက်လှန့်ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေနတ်မှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ် ရေကစားမဏ္ဍပ်၏ အနောက်ဘက် ပေ ၁၅၀ ခန့်အကွာတွင် အရက်မူးပြီး ရန်ဖြစ်နေကြောင်း သတင်းအရ ရွှေပြည်အေးရဲကင်းမှူး ရဲအုပ်ယဉ်ထွေး၊ ဒုတက ခိုင်ဇာထွန်းတို့သည် သက်သေများဖြစ်ကြသော ဦးထွန်းမြင့်၊ ဦးမောင်ကြီးတို့အဖွဲ့မှ သွားရောက်ထိန်းသိမ်းခဲ့ရာ မြို့မိ၊ မြို့ဖဖြစ်သူ ဦးကျော်စိန်၏ သမီး မအဲပုနှင့် ဆက်လက်ရန်ဖြစ်သဖြင့် ရဲအုပ်ယဉ်ထွေးအဖွဲ့မှ ဖြောင်းဖြထိန်းသိမ်းပြီး နေအိမ်သို့ပြန်ရန် လူငယ်နှစ်ဦးအား ပြောဆိုနေစဉ် အဆိုပါလူငယ်နှစ်ဦးမှ “သတ္တိရှိရင် လိုက်ခဲ့ မင်းတို့ရဲတွေ --- မင်းတို့ရဲ့သေနတ်လောက်က စောက်ဂရုမစိုက်ဘူး” ဟု ဆဲဆိုကြိမ်းမောင်းပြီး ဆိုင်ကယ်မောင်းပြေးသဖြင့် လိုက်လံထိန်းသိမ်းရာ သစ်ပါးလွှာစက်ရုံရှေ့အရောက် ၎င်းတို့နှစ်ဦးအား တွေ့ရှိတားဆီးရာမှ ဆက်လက်၍ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပြီး ထပ်မံထွက်ပြေးသဖြင့် လ ၂၀၉၉၅၇ ရဲဒုတက ခိုင်ဇာထွန်းမှ M-16 သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ ဆိုင်ကယ်ပေါ်တွင် ရှိနေသော နောက်မှထိုင်သည့် ပြည့်ဖြိုးအောင် ၂၄ နှစ် (ဘ) ဦးလှမိုး၊ ဆာဖာကျေးရွာ ဟုမ္မလင်းမြို့နယ်တွင် ဦးခေါင်းနောက်စေ့ သေနတ်မှန်ဒဏ်ရာဖြင့် သေဆုံး၊ ရှေ့မှမောင်းနှင်သော နေလင်းအောင် ၂၆ နှစ် (ဘ) ဦးလှမိုး၊ ဆာဖာကျေးရွာ ဟုမ္မလင်းမြို့နယ်နေသူအား နောက်မှ ပေါက်ထွက်ထားသော သေနတ်ကျည်မှ ၎င်း၏ဦးခေါင်းကိုပါ ဆက်လက်ဖောက်ထွက်သွားသဖြင့် လတ်တလော သေဆုံးမှုမရှိဘဲ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်ရဲစခန်း မှတ်တမ်းအရ သိရသည်။

“တစ်ယောက်ကတော့ အဲဒီနေရာမှာတင် သေဆုံးသွားတယ်လို့ သိရတယ်။ နောက်တစ်ယောက်ကတော့ ပထမတစ်ယောက်သေပြီး ၄၅ မိနစ်လောက်အကြာမှာ သေသွားတယ်လို့ ထပ်သိရတယ်။ ဟုမ္မလင်းကိုတော့ ရောက်မလာကြသေးဘူး။ သယ်လာဖို့ စီစဉ်နေကြတုန်းပါ။ သေနတ်နဲ့ပစ်တာတော့ မှန်ပါတယ်။ ခြောက်လှန့်တဲ့သဘောနဲ့ ပစ်လိုက်တာပါ။ ဘယ်နှချက်ပစ်သလဲဆိုတာတော့ မသိရသေးဘူး။ စုံစမ်းနေဆဲပါ” ဟု ဟုမ္မလင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထိုသေဆုံးမှုနှင့် ပတ်သက်၍ “သေတဲ့ ကောင်လေးနှစ်ယောက်က ရေကစားမဏ္ဍပ်က ပြန်လာပြီး သစ်ပါးလွှာစက်ရုံနားက အရက်ဆိုင်မှာ အရက်ဝင်သောက်ရာကနေ ရဲတွေကို ပုတ်ခတ်တဲ့စကားတွေ ပြောမိရာကနေ ဖြစ်ကြတာ။ အရက်မူးနေလို့ ထိန်းသိမ်းတယ် ဆိုပေမယ့် လက်နက်ကိုင်ထားတဲ့လူက ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တာပေါ့။ ပစ်တာကတော့ တစ်ချက်တည်း ပစ်တာပါ။ ခြောက်လှန့်တဲ့သဘောနဲ့ မိုးပေါ်ထောင်ပစ်တယ်လို့ ရဲတွေဘက်ကပြောပေမယ့် မိုးပေါ်ထောင်ပစ်တယ်ဆိုရင် နှစ်ယောက်စလုံးရဲ့ နောက်စေ့ကို မှန်စရာ အကြောင်းမရှိဘူး” ဟု အခင်းဖြစ်ပွားရာနေရာမှ မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

သေဆုံးဒဏ်ရာရရှိသူအား ဟုမ္မလင်း ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်နိုင်ရေးနှင့် သေနတ်နှင့် ပစ်ခတ်ခဲ့သော ရဲဒုတက ခိုင်ဇာထွန်းအား ဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent