မြောက်ပိုင်း ပါဂျောင်လူသတ်မှုနှင့် ပတ်သက်ပြီး အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည့် ABSDF စစ်ရေးတာဝန်ခံဟောင်း ရဲဘော်သံချောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်

မြောက်ပိုင်း ပါဂျောင်လူသတ်မှုနှင့် ပတ်သက်ပြီး အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည့် ABSDF စစ်ရေးတာဝန်ခံဟောင်း ရဲဘော်သံချောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်
Published 18 April 2018

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ရဲဘော်သံချောင်း (လယ်-ဂျင်းအင်္ကျီအပြာနှင့်) အား တွေ့ရစဉ်

မြောက်ပိုင်း ပါဂျောင်လူသတ်မှုနှင့် ပတ်သက်ပြီး အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည့် ABSDF စစ်ရေးတာဝန်ခံဟောင်း ရဲဘော်သံချောင်း (ခ) မြင့်စိုး (ခ) စဝ်ခွန်ကျော်သည် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီ ၁၇ ရက်တွင် သာယာဝတီထောင်မှ ပြန်လည် လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

“ကျွန်တော် လွတ်တယ်ဆိုတာကို မယုံနိုင်သေးဘူး။ အခုချိန်မှာ ကျွန်တော် ဘယ်လိုအခြေအနေမှာ ရပ်တည်ရမယ်ဆိုတာ မသိသေးတဲ့အတွက် ဘာမှတော့ပြောလို့မရသေးပါဘူး” ဟု ရဲဘော်သံချောင်းက မီဒီယာများအား ပြောကြားသည်။

ထိုသို့ ပြန်လည်လွတ်မြောက်လာသည့် ရဲဘော်သံချောင်း အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းပါဂျောင်ဒေသတွင် ၁၉၉၂ ခုနှစ်က ABSDF ရဲဘော်ကျောင်းသားများ အသတ်ခံရသည့်ကိစ္စရပ် အပေါ် တာဝန်ယူ ဖြေရှင်းပေးရန် တောင်းဆိုမှုများ ရှိနေသည်။

“ကိုသံချောင်းနဲ့ ပတ်သက်ပြီး ပြောရရင် နှစ်ပိုင်းခွဲပြောရမယ်။ ကိုသံချောင်း (ခ) ကိုမြင့်စိုးလို့ခေါ်တဲ့သူဟာ မန္တလေးတက္ကသိုလ်ကျောင်းထွက်၊ ABSDF ကျောင်းသားတပ်မတော်ဘဝမှာတော့ သူဟာ သံချောင်းဆိုတဲ့ နာမည်နဲ့ နာမည်ကြီးလာပြီး စစ်ရေးတာဝန်ခံ တစ်ယောက်လည်းဖြစ်တယ်။ အဲဒီအချိန်မှာတော့ ကိုသံချောင်းဟာ လူလေးစားခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ။ သူ့ကို တော်တော်များများက နှစ်သက်ကြတယ်။ ဒါပေမဲ့ ပါဂျောင်သတ်ဖြတ်မှု အရေးအခင်းမှာတော့ သူဟာ စစ်ရေးတာဝန်ခံအဖြစ် တာဝန်ရှိသူတစ်ယောက် ဖြစ်ခဲ့တယ်” ဟု မြန်မာပြည်မြောက်ပိုင်း ကျောင်းသားတပ်မတော် ABSDF ၏ ဗဟိုကော်မတီဝင် (ဟောင်း) ဦးညီညီကျော် (၈၈) က ပြောကြားသည်။

ရဲဘော်သံချောင်း လွတ်မြောက်ရေးအတွက် ယခင်ဦးသိန်းစိန်လက်ထက်ကတည်းကပင် ရှမ်းအဖွဲ့အစည်းအချို့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့ ကြိုးစားမှုများ ရှိသော်လည်း ထိုစဉ်အချိန်က ရဲဘော်သံချောင်းအား ABSDF မြောက်ပိုင်းတွင် ဖြစ်ခဲ့သည့် ပါဂျောင်လူသတ်မှုဖြင့် ပြင်ပတွင် တရားစွဲခံထားရသည့်အပြင် အခြားသော ကန့်ကွက်မှုများ ရှိသောကြောင့် လွတ်ငြိမ်းချမ်းခွင့်တွင် ပါဝင်မလာခြင်းဖြစ်ကြောင်း သိရသည်။

“ကြိုးလေးကြိုး ကျနေတဲ့ တရားခံတစ်ယောက်ကို အလွယ်တကူပဲ လွှတ်ပေးခဲ့တယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ လွှတ်ပေးတယ်ဆိုတာ ဘယ်လိုမှ စဉ်းစားမရဘူး။ ၁၉၉၂ ခုနှစ် ပြည်ထောင်စုနေ့မှာ AB မြောက်ပိုင်းပါဂျောင်မှာ အသတ်ခံလိုက်ရတဲ့ ကျောင်းသား ၁၅ ယောက် အပါအဝင် မျိုးဝင်းတို့ သံချောင်းတို့ ညှဉ်းပန်းနှိပ်စက်ခံရပြီး အသတ်မခံရဘဲ ပြန်လည်လွတ်မြောက်လာတဲ့ AB ရဲဘော်ဟောင်းတွေကို စော်ကားလိုက်တာပဲလို့ မြင်တယ်” ဟု Jason Bo Facebook အကောင့်ပိုင်ရှင်က ရေးသားထားသည်။

သို့ရာတွင် သာယာဝတီထောင်၌ အကျဉ်းချခံရသည့်ကိစ္စရပ်သည် ၎င်းအား ကျောင်းသားတပ်မတော်မှ ကိုသံချောင်းဟုမမြင်ဘဲ ဗိုလ်မှူးစပ်ခွန်ကျော်ဘဝဖြင့် SSA (ရှမ်းလက်နက်ကိုင်အဖွဲ့) တွင် တာဝန်ထမ်းဆောင်စဉ်က ကချင်ပြည်နယ် မိုးညှင်းဘက်တွင် စစ်ကြောင်းဖြင့် သွားနေစဉ် ဖြစ်ခဲ့သည့် အဖြစ်အပျက်ကြောင့် အကျဉ်းချခံခဲ့ရခြင်းဖြစ်ကြောင်း ဦးညီညီကျော်က ဆက်လက်ပြောကြားသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ရဲဘော်သံချောင်းအား သတင်းထောက်တစ်ဦးမှ အင်တာဗျူးပြုလုပ်နေစဉ်

“အဲဒီလို အကျဉ်းချခံရတဲ့ကိစ္စဟာ ကျောင်းသားတပ်မတော်နဲ့ ဆက်စပ်မှု ရှိတယ်လို့တော့ ကျွန်တော်က မမြင်ဘူး။ သူ့ရဲ့ ပြစ်ဒဏ်တွေမှာ သေဒဏ်နဲ့ ထောင်တစ်သက်လွတ်ရက် မရှိပါနေတယ်လို့ ကျွန်တော်တို့ သိထားတယ်။ ဒါတွေဟာ လမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ တခြားသော ကျွန်တော်တို့ မသိနိုင်တဲ့ အကြောင်းခြင်းရာတွေကြောင့် ပြစ်ဒဏ်ချခံရတာဖြစ်တဲ့အတွက် သူ့ကို နိုင်ငံရေးအကျဉ်းသားအဖြစ်၊ ကျောင်းသားအဖြစ် ကျွန်တော်ကတော့ မမြင်တဲ့အတွက် အခုလို နှစ်ပိုင်းခွဲပြောရတာ ဖြစ်ပါတယ်။ သူ့ကို ထောက်ပြလို့ရတဲ့ အမှားတစ်ခုကတော့ ၁၉၉၀ မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ မြစ်ကြီးနားက ကိုမြင့်လို့ခေါ်ပါတယ်။ ကိုမြင့်ဟာ ၇၅ အလုပ်သမားသပိတ်မှာ တာဝန်ယူခဲ့သူဖြစ်ပြီး စစ်တောင်းစက္ကူစက်ကလို့ သိထားပါတယ်။ ၈၈ အရေးအခင်း ကျောင်းသားတပ်မတော်မှာ ဦးစီးအနေနဲ့ တာဝန်ယူခဲ့တဲ့ အဲဒီကိုမြင့်ကို စွပ်စွဲချက် ခိုင်ခိုင်မာမာမရှိ၊ ဘာသက်သေမျှ မရှိဘဲ တပ်ရဲ့အလယ်ကောင်၊ ကျောင်းသူ ကျောင်းသားတွေအားလုံးရှေ့မှာ ကိုသံချောင်း ကိုယ်တိုင်ပစ္စတိုနဲ့ နားထင်ကိုတေ့ပြီး ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ ဒါဟာ ကိုသံချောင်းရဲ့ လူသတ်မှုမှာ ငြင်းလို့မရတဲ့ လူသတ်မှုပဲ ဖြစ်ပါတယ်။ နောက် ပါဂျောင်သတ်ဖြတ်မှုမှာ လူ ၁၀၇ ယောက် အဖမ်းခံရတဲ့အထဲက နှိပ်စက်မှုတွေ၊ အကြောင်းအမျိုးမျိုးတွေကြောင့် ၃၅ ယောက် သေဆုံးပါတယ်။ ထူးခြားတဲ့ ဖြစ်ရပ်ကတော့ ၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ခဲ့တယ်။ အဲဒီလို သတ်ဖို့အတွက် ဒီသေဒဏ်ကို လက်မှတ်ထိုးတဲ့ လူရှစ်ဦးထဲမှာ ကိုသံချောင်းဟာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အဲဒီ သတ်မိန့်ပြန်တမ်းကို ဖတ်ခဲ့တာလည်း သူကိုယ်တိုင်ပဲလို့ ကျွန်တော်တို့ သိထားပါတယ်။ ဒါတွေကြောင့် ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ သူဟာတာဝန်ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းရပါလိမ့်မယ်။ ဒီကနေ့ လွတ်လာတာနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအနေနဲ့ ဘာဝေဖန်ချက်မှ မပေးလိုပါဘူး။ လက်ရှိ SSA အဖွဲ့ရဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေတဲ့အတွက် ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရဲ့သဘောထား၊ AAPP ရဲ့ သဘောထားကိုဘာမှ စွက်ဖက်ပြီး မပြောချင်ပါဘူး။ ဒါပေမဲ့ ကျောင်းသားဘဝက၊ ကျောင်းသား တပ်မတော်မှာ ရှိခဲ့စဉ်က သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ တာဝန်ယူပြီး ဖြေရှင်းပေးစေချင်တယ်လို့ ကျွန်တော်တို့က ပြောချင်ပါတယ်” ဟု ဦးညီညီကျော် (၈၈) က ပြောကြားသည်။

ယခုကဲ့သို့ ရဲဘော်သံချောင်းအား သာယာဝတီထောင်တွင် ထောင်ဒဏ်ချမှတ်ထားခြင်းသည် စစ်အာဏာရှင်ကို တော်လှန်ခြင်းဖြစ်သောကြောင့် လွှတ်ပေးသင့်သော်လည်း မြောက်ပိုင်းတွင် ၎င်းကျူးလွန်ခဲ့သည့် ကိစ္စများကို အမှန်အတိုင်း ရင်ဆိုင်ရန်လိုကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

“သူတို့ကို အပြစ်ပေးထားတဲ့ ကိစ္စကတော့ စစ်အာဏာရှင်ကို တော်လှန်လို့ အကျဉ်းကျခံရတာဆိုတော့ အဲဒီအတွက်က အပြစ်မရှိပါဘူး။ လွှတ်ပေးသင့်ပါတယ်။ အဲဒါကို ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမဲ့ မြောက်ပိုင်း AB မှာ သူကျုးလွန်ခဲ့တဲ့ ကိစ္စတွေကိုတော့ အမှန်အတိုင်း ရင်ဆိုင်ပါလို့ ပြောစရာရှိပါတယ်။ မျိုးဝင်းနဲ့ အပေါင်းအပါတွေပေါ် သူကျုးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ တရားမဲ့မှုတွေကိုတော့ သူရင်ဆိုင်ဖြေရှင်းမှရမယ်။ ဖြေရှင်းပါလို့လည်း တောင်းဆိုချင်တယ်။ အမှားအမှန် ဒါကအရေးကြီးတယ်။ ကျောင်းသားအဖွဲ့အစည်း၊ ဒီမိုကရေစီ အဖွဲ့အစည်းတွေဆိုတာ ကိုယ်ကျုးလွန်ခဲ့တဲ့ ကိစ္စတွေအပေါ် ဖုံးကွယ်တယ်ဆိုတာ မဖြစ်ရဘူး။ ခြေမ,မကောင်း ခြေမ၊ လက်မ,မကောင်း လက်မပဲ၊ တာဝန်လည်း ယူရလိမ့်မယ်။ ဖင်ပိတ်ငြင်းပြီး ဒီကောင်တွေက ထောက်လှမ်းရေးတွေပါဆိုပြီး လုပ်လို့တော့ မရဘူး။ ဒီမိုကရေစီလိုလားတဲ့ ကျောင်းသားတပ်မတော်ဆိုတာ တခြားအဖွဲ့အစည်းတွေလို ဖြစ်လို့မရဘူး။ အပြစ်ရှိရင် ရှိသလို၊ အပြစ် မရှိရင် မရှိသလို ဒီကိစ္စတွေကို ဖော်ထုတ်ရမယ်။ အဲဒီအတွက် ဒီကိစ္စကိုဖြေရှင်းပေးပါလို့ သံချောင်းတင်မကဘူး။ တာဝန်ရှိတဲ့သူတွေကို ပြောချင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

၁၉၉၂ ခုနှစ် ပြည်ထောင်စုနေ့တွင် ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျောင်းသားရဲဘော်အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးသွားခဲ့ရသည့် ABSDF ကျောင်းသားရဲဘော်များအတွက် (၂၆) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဘုံပျံတောရကျောင်းတိုက် မြဝတီမင်းကြီးကျောင်းရှိ ကျဆုံးကျောင်းသားရဲဘော်များ၏ အထိမ်းအမှတ်ရင်ပြင်တွင် ပြုလုပ်ခဲ့ပြီး ပါဂျောင်ဒေသတွင် ကျောင်းသားရဲဘော်အချင်းချင်း စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ ညှဉ်းပန်း နှိပ်စက်မှုများကြောင့် ကျဆုံးသွားခဲ့ရသည့် ကျောင်းသားရဲဘော်များနှင့် ပတ်သက်၍ ကျူးလွန်ခဲ့သူများအနေဖြင့် ABSDF ၏ ဂုဏ်သိက္ခာအတွက် တာဝန်ယူမှု အပါအဝင် အမှန်တရားကို ဖော်ထုတ်ဝန်ခံသင့်ပြီဖြစ်ကြောင်းနှင့် အဆိုပါဖြစ်စဉ်များအပေါ် တာဝန်ရှိနေသည့် ABSDF မှ တာဝန်ရှိသူများ အနေဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူမှုများ ပြုလုပ်သင့်ကြောင်း မြောက်ပိုင်းပြန် ABSDF ကျောင်းသားရဲဘော်များက တောင်းဆိုခဲ့ကြသည်။

Most Read

Most Recent