၂၀၁၈ ခုနှစ် မတ်လကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၈၆၄ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း နှစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၅၂၄၀ ဘီလျံဝန်းကျင်ရှိလာ

၂၀၁၈ ခုနှစ် မတ်လကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၈၆၄ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း နှစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၅၂၄၀ ဘီလျံဝန်းကျင်ရှိလာ
Published 18 April 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

၂၀၁၈ ခုနှစ် မတ်လကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၈၆၄ ဘီလျံကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတို့တွင် အများဆုံး မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၃၆၁ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၁၆၈၆၄၆၀၂ ဒသမ ၁၅၆ သန်း (ကျပ် ၁၆၈၆၄ ဘီလျံကျော်) ရှိခြင်း ဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုရေး ကဏ္ဍတွင် ကျပ် ၃၉၈၂ ဒသမ ၉၃၀ ဘီလျံ (လုပ်ငန်း ၇၁ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၂၈၉၈ ဒသမ ၉၁၃ ဘီလျံ (လုပ်ငန်း ၇၈၈ ခု)၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ကျပ် ၂၈၄၆ ဒသမ ၇၃၁ ဘီလျံ (လုပ်ငန်း ၄၉ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၁၇၅၇ ဒသမ ၅၉၂ ဘီလျံ (လုပ်ငန်း ၁၂၃ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၀၇၅ ဒသမ ၁၈၃ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၈၆၂ ဒသမ ၉၀၃ ဘီလျံ (လုပ်ငန်း ၁၁ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၆၂၈ ဒသမ ၉၄၈ ဘီလျံ (လုပ်ငန်း ၁၄ ခု)၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ကျပ် ၁၄၇ ဒသမ ၅၂၅ ဘီလျံ (လုပ်ငန်း ၆၅ ခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၈၄ ဒသမ ၂၈၂ ဘီလျံ (လုပ်ငန်း ၇၉ ခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၅၁ ဒသမ ၁၉၃ ဘီလျံ (လုပ်ငန်း ၁၀ ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၂၅၂၈ ဒသမ ၃၉၇ ဘီလျံ (လုပ်ငန်း ၈၃ ခု) ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်)အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရ တက်ရောက်ပြီး နှစ်နှစ်တာ ကာလအတွင်း ကျပ် ၅၂၄၀ ဘီလျံဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေ ဖွံ့ဖြိုးရေးကဏ္ဍတွင် အဓိက များပြားလာခဲ့ရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ယခင်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကို ကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။

ပြည့်စုံသော အဆိုပြုလွှာများကို အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ အစည်းအဝေးမှ အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ တင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့် ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ သဘောထား၊ သက်ဆိုင်ရာ ဝန်ကြီးဌာနသဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ MIC အစည်းအဝေးမှ ခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့်ထုတ်ပေးကြောင်း သိရသည်။

Most Read

Most Recent