မော်တော်ယာဉ်များသာ အသုံးပြုနေရသဖြင့် မြင့်တက်နေသည့် သယ်ယူပို့ဆောင်ရေးစရိတ် လျှော့ချနိုင်ရန် မီးရထားများဖြင့် သယ်ယူပို့ဆောင်နိုင်ရန် ဆောင်ရွက်မည်

မော်တော်ယာဉ်များသာ အသုံးပြုနေရသဖြင့် မြင့်တက်နေသည့် သယ်ယူပို့ဆောင်ရေးစရိတ် လျှော့ချနိုင်ရန် မီးရထားများဖြင့် သယ်ယူပို့ဆောင်နိုင်ရန် ဆောင်ရွက်မည်
Published 18 April 2018

မော်တော်ယာဉ်များသာ အသုံးပြုနေရသဖြင့် မြင့်တက်နေသည့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန် မီးရထားများဖြင့် သယ်ယူပို့ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

“သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် (Logistics Course) က အများကြီးမြင့်တယ်။ ကျွန်တော်တို့ ကားတွေပဲ သုံးနေရတယ်။ ရထားလမ်းတွေ ရှိနေပါလျက်နဲ့ ကျွန်တော်တို့ မသုံးနိုင်ဘူး။ ရထားလမ်းကြီးတွေ အထင်ကရ ရှိနေတယ်။ ဒါပေမဲ့ တစ်နေ့မှ တစ်ခေါက်ပဲ ပြေးနိုင်တယ်။ ဒီပစ္စည်းကို ရှိနေလျက်နဲ့ မသုံးနိုင်ရင် ကျွန်တော်တို့ ဆုံးနေတာ။ အဲဒါမျိုးကို ပြန်အသုံးချမယ်။ ဘယ်မှာအသုံးချမလဲဆိုရင် Logistics ဘက်မှာ ပြန်အသုံးချနိုင်ရင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် လျှော့ချနိုင်မယ်။ ဒါကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ဖို့ရှိတယ်” ဟု ဦးကျော်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ မီးရထားလမ်းအရှည်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သံလမ်းမိုင် ၄၉၃၃ မိုင်ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ခုနစ်မိုင်မြင့်တက်ကာ ၄၉၄၀ မိုင် ဖြစ်လာခဲ့သည်။ စီးနင်းသည့် ခရီးသည်အရေအတွက်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၂ ဒသမ ၀၅ သန်း ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၄၃ ဒသမ ၃၂ သန်း မြင့်တက်ကာ ခရီးတစ်ကီလိုမီတာလျှင် ခရီးသည် ၇၀၀၁ ဦး စီးနင်းသွားရောက်ခဲ့ကြောင်း သိရသည်။

ကုန်တန်ချိန်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၉၈ သန်း ရှိခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇၅ သန်းသာ ရှိခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကုန်စည်ပို့ဆောင်မှုနှင့် ခရီးသွားလာမှု လွယ်ကူလျင်မြန်စေရေးအတွက် ကုန်းလမ်း၊ မီးရထား၊ ရေကြောင်း၊ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများဖြင့် ဆောင်ရွက်နေပြီး ပို့ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ပိုမိုတိုးတက်စေရေးအတွက် ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသော်လည်း သယ်ယူပို့ဆောင်မှုကဏ္ဍတွင် ကျယ်ပြန့်လာသည့် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်မှု နည်းပါးနေပြီး နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ နည်းပါးနေကြောင်း သိရသည်။

Most Read

Most Recent