အမျိုးသားတစ်ဦးအား ဝိုင်းဝန်းရိုက်နှက်ပြီး ဓားဖြင့်ထိုးသည့် လူငယ်သုံးဦးကို ဖမ်းဆီး

အမျိုးသားတစ်ဦးအား ဝိုင်းဝန်းရိုက်နှက်ပြီး ဓားဖြင့်ထိုးသည့် လူငယ်သုံးဦးကို ဖမ်းဆီး
Published 18 April 2018

၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးအား အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်၊ ဓားဖြင့်ထိုးသည့် လူငယ်သုံးဦးအား ဖမ်းဆီးထားကြောင်း ဧပြီ ၁၇ ရက်တွင် စစ်ကိုင်းမြို့မ ရဲစခန်းမှ သိရသည်။

ဧပြီ ၁၆ သြင်္ကန်အတက်နေ့ ည ၈ နာရီခန့်က စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ၉ လမ်း ဦးထွန်းနိုင်ဓာတ်ဆီဆိုင်ရှေ့တွင် မျိုးကိုကို၊ အောင်ကိုကိုနှင့် သူငယ်ချင်းများ ရောက်ရှိခဲ့ပြီး ဦးထွန်းနိုင်နှင့် စကားပြောနေစဉ် ရွှေမင်းဝံရပ်ကွက်နေ ထက်မြက်အောင်နှင့် ၎င်းတို့အဖွဲ့မှ ပါလာသော လွှမ်းမိုးဇော်တို့ စကားများ ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် မျိုးကိုကိုမှ ဝင်ရောက်ဖျန်ဖြေစဉ် ဓာတ်ဆီဆိုင်ပိုင်ရှင် ဦးထွန်းနိုင်၏ သားပြည့်ဖြိုးကျော်သည် ဆိုင်အတွင်းမှ ထွက်လာပြီး မျိုးကိုကိုအား ဓားဖြင့်ထိုးခြင်း ထက်မြက်အောင်နှင့် မိုးကျော်တို့မှ ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ရာ ယာဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာနှစ်ချက်၊ ဦးခေါင်းနောက်စိ ပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး ဓာတ်ဆီဆိုင်အနီး ပြည့်ဖြိုးစတိုးလမ်းကြား၌ လဲကျခဲ့သဖြင့် စစ်ကိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံကြီးသို့ (စိုးရိမ်ရ) လူနာအဖြစ် ကုသနေရကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။ မျိုးကိုကို(၂၉ နှစ်)၊ ရွှေမင်းဝံရပ်ကွက်အား ဓားဖြင့်ထိုးကာ ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ပြည့်ဖြိုးကျော် (၁၈ နှစ်)၊ ထက်မြတ်အောင်(ခ)ထက်ကြီး(၁၈ နှစ်)၊ မိုးကျော် (၁၈ နှစ်) ရွှေမင်းဝံရပ်ကွက်တို့အား စစ်ကိုင်းမြို့မရဲစခန်းတွင် (ပ)၁၇၃/၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆၊ ၁၁၄ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent