ထားဝယ်မြို့တွင် ရဲမေတစ်ဦးအား လူငယ်တစ်စုက ရေလောင်း၍ အင်္ကျီဆွဲချွတ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက လူငယ်အဖွဲ့တစ်ခုအား လူမှား၍ ဝင်ရောက်ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်အပြင် ရေလောင်းခဲ့သည့်လူငယ်တစ်စုအား ရိုက်နှက်ကာ ဖမ်းဆီးခဲ့သောကြောင့် ရဲစခန်းရှေ့၌ လူစုလူဝေး ဖြစ်ပွားခဲ့

ထားဝယ်မြို့တွင် ရဲမေတစ်ဦးအား လူငယ်တစ်စုက ရေလောင်း၍ အင်္ကျီဆွဲချွတ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက လူငယ်အဖွဲ့တစ်ခုအား လူမှား၍ ဝင်ရောက်ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်အပြင် ရေလောင်းခဲ့သည့်လူငယ်တစ်စုအား ရိုက်နှက်ကာ ဖမ်းဆီးခဲ့သောကြောင့် ရဲစခန်းရှေ့၌ လူစုလူဝေး ဖြစ်ပွားခဲ့
Published 18 April 2018

ရဲစခန်းရှေ့တွင် လူစုလူဝေးဖြစ်ပွားနေသည်ကို ဧပြီ ၁၅ ရက်ညက တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဧပြီ ၁၅ ရက် (သြင်္ကန်အကြတ်နေ့) ညနေပိုင်းက ရဲမေတစ်ဦးအား လူငယ်တစ်စုက ရေလောင်း၍ အင်္ကျီဆွဲချွတ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက လူငယ်အဖွဲ့တစ်ခုအား လူမှား၍ ဝင်ရောက်ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်အပြင် ရေလောင်းခဲ့သည့် လူငယ်တစ်စုအား ရိုက်နှက်ကာ ဖမ်းဆီးခဲ့သောကြောင့် ရဲစခန်းရှေ့၌ လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေပိုင်းတွင် ဥဿရံရပ်ကွက်ရှိ ကမြောကင်းလမ်းမပေါ်တွင် ရေကစားနေသည့် လူငယ်တစ်စုက ထားဝယ်မြို့မရဲစခန်းမှ ရဲမေတစ်ဦးအား ရေလောင်း၍ ယူနီဖောင်းအား ဆွဲချွတ်ခဲ့ဟုဆိုကာ ရဲမေက အကြောင်းကြားလာသဖြင့် ထားဝယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့အချို့က ညနေ ၆ နာရီကျော်ခန့်၌ ၎င်းနေရာသို့ ရောက်ရှိလာခဲ့ပြီး ကခုန်နေသည့် လူငယ်အဖွဲ့တစ်ခုကို လူမှားကာ ရိုက်နှက်ခဲ့ကြောင်း၊ လူမှားရိုက်နှက်ခဲ့ပြီးနောက် ရေလောင်းခဲ့သည်ဟုဆိုသော လူငယ်တစ်စုကို ဆက်လက်ရိုက်နှက်၍ ဖမ်းဆီးခဲ့ပြီး ထားဝယ်မြို့မရဲစခန်းသို့ ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့နောက် လူမှားရိုက်နှက်ခံရသည့် လူငယ်အဖွဲ့တွင် ဒဏ်ရာရရှိသူများနှင့် ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူရသူများ ရှိခဲ့သဖြင့် အဆိုပါကိစ္စအပေါ် ဖြေရှင်းပေးရန် ထားဝယ်မြို့မ ရဲစခန်းသို့ လူမှားရိုက်နှက်ခံရသူများဘက်မှ လာရောက်ခဲ့၍ တာဝန်ရှိသူများက စစ်ဆေးရာမှတစ်ဆင့် ရဲစခန်းရှေ့တွင် လူစုလူဝေးဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီခွဲအချိန်တွင် ရဲတပ်ဖွဲ့မှ လူစုခွဲခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့မှာ ၁၅ ယောက်လောက်ရှိတယ်။ ရေကစားပြီးတော့ အကုန်လုံး ဖက်ပြီးကနေတာ။ ကနေတုန်းအချိန်မှာ ရဲတွေဝင်လာပြီးတော့ ဘာမှန်းမသိဘဲ ရိုက်သွားတာ။ အိမ်ထဲအထိဝင်ပြီး ကုပ်ကိုဆွဲပြီး ရိုက်တယ်။ မေးလို့လည်းမပြောဘူး။ ရိုက်ပဲရိုက်နေတာ။ ပြီးမှ လူမှားသွားပြီလို့ပြောပြီး သူတို့ ပြန်ထွက်သွားတယ်။ ဘယ်သူမှ မဖြေရှင်းဘဲ လူမှားသွားပြီဆိုပြီး တစ်ခွန်းပဲပြောခဲ့တယ်။ ရှိသမျှလူအကုန်လုံးကို အနာတရဖြစ်အောင် သူတို့လုပ်ခဲ့တာ။ ခေါင်းကွဲတဲ့သူရော၊ ခြေထောက်ထိတဲ့သူရော အနည်းဆုံးက ရောင်ကိုင်းတဲ့လူတွေချည်းပဲ။ ကျွန်တော်တို့ အဖွဲ့ထဲက အခုဆေးရုံရောက်သွားတာ ခုနစ်ယောက်ရှိတယ်။ ကျန်တဲ့သူတွေလည်း ဒဏ်ရာရှိပေမယ့် မပြင်းလို့။ ဆေးရုံရောက်တဲ့သူတွေက ခေါင်းကွဲတဲ့သူနဲ့၊ ခြေထောက်ထိတဲ့သူတွေရှိတယ်။ သူတို့ကို ဆေးထည့်ပြီး အိမ်မှာ အခြေအနေ စောင့်ကြည့်ခိုင်းထားတယ်။ ကျွန်တော်တို့အဖွဲ့မှာ မိန်းကလေးတွေလည်း ပါတယ်။ သူတို့ကိုထိမှာစိုးလို့ ကာကွယ်ရင်း အရိုက်ခံလိုက်ရတာလည်းရှိတယ်” ဟု ရဲတပ်ဖွဲ့က လူမှား၍ ရိုက်နှက်ခြင်းခံခဲ့ရသည့် လူငယ်အဖွဲ့မှ ကိုနေဇော်က ပြောကြားသည်။

ဆက်လက်၍ “ကျွန်တော်တို့ဘက်ကတော့ ဒီကိစ္စကို မကျေနပ်ဘူးပေါ့။ အခု ရဲတိုင်းမှူးက ပြောတာကတော့ သူတို့ ခုံရုံးဖွဲ့ပြီး စစ်ဆေးပေးမယ်။ စစ်ဆေးပေးတဲ့အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ဘက်က ပြန်ပြီးတော့ တုံ့ပြန်မယ်။ သူတို့စစ်ဆေးပေးတာ မကျေနပ်ရင် ပြန်တရားစွဲဖို့ အဆင့်အထိ ပြန်လုပ်ဖို့ အစီအစဉ်ရှိတယ်” ကိုနေဇော်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး နေမျိုးက “ရဲမေလေးကို စစ်လိုက်တဲ့အချိန်မှာ မိန်းကလေးကို ကာယိန္ဒြေပျက်အောင်၊ နောက်တစ်ခါ မိန်းကလေးက အောက်မှာ ယူနီဖောင်းပါတယ်။ အဲဒီဇစ်တွေကို ဆွဲဖြုတ်ပြီးတော့မှ ရေလောင်းတယ်။ ဆိုင်ကယ်ထွက်လို့ မရအောင် လုပ်တယ်။ ရဲတပ်ဖွဲ့ဝင်မှန်းသိတဲ့အခါမှာ ပိုကဲပြီးလုပ်တာရှိတယ်။ လုပ်တော့ ကောင်မလေးကလည်း ရှက်ပြီးတော့ ဒီမှာလာတဲ့အခါကျတော့ ဒီကအဖွဲ့က ဘယ်သူလဲဆိုပြီး လိုက်ဖမ်းတယ်။ ဖမ်းတဲ့အခါကျတော့ ဟိုလည်းရောက်ရော ဒေါသအလျောက် ဖြစ်သွားတာပေါ့။ ဒေါသအလျောက် ဖြစ်သွားတာသည် ငါတို့မှာ တာဝန်ရှိတယ်။ ငါတို့က ဒေါသဖြစ်တဲ့ ရဲအုပ်စိုးနိုင်နဲ့အဖွဲ့ကိုစစ်မယ်။ စစ်ပြီးတော့ ငါတို့ ရဲစည်းကမ်းဥပဒေအရ စုံခုံလုပ်ပြီး သပ်ချုပ်လုပ်မယ်။ ဖြစ်စဉ်ကို စိစစ်ပြီးရင် သပ်ချုပ်လုပ်ပြီးတော့ အရေးယူမှာ။ ရဲစည်းကမ်းအရ အရေးယူမှာ။ အားလုံးပြီးရင် အပေါ်တင်မယ်။ ဒီမှာလည်း ကောင်မလေးကို မဟုတ်တရုတ် လုပ်တဲ့အဖွဲ့ကိုလည်း ထိုက်သင့်တဲ့ အရေးယူမှုတော့ရှိမယ်။ ဒါကလည်း သူ့ရဲ့ ရဲလုပ်ထုံးလုပ်နည်းအရ စစ်ပြီးရင် အာမခံပြန်ပေးရမှာ” ဟု ရဲမှူးကြီး နေမျိုးက ပြောကြားသည်။

အဆိုပါ ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရဲမေအား အင်္ကျီဆွဲချွတ်ကာ ရေလောင်းခဲ့သည်ဟုဆို၍ ရဲတပ်ဖွဲ့မှ ရိုက်နှက်ကာ ဖမ်းဆီးသွားသည့် လူငယ်ရှစ်ဦးကို ထားဝယ်မြို့မ ရဲစခန်း၌ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဖမ်းဆီးခံထားရသည့် လူငယ်များ၏ မိသားစုဝင်များနှင့် ဒေသခံအချို့က ရဲစခန်းရှေ့၌ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ ညနေ ၃ နာရီခန့်တွင် လူစုလူဝေးဖြစ်ပွားခဲ့ကာ ည ၁၀ နာရီခွဲအချိန်တွင် ရဲတပ်ဖွဲ့မှ ရဲစခန်းရှေ့သို့ထွက်၍ လူစုခွဲရန် ရှင်းလင်းခဲ့ကြောင်း သိရသည်။

“တကယ်က ကျွန်တော် ရေလောင်းတာလောက်ပဲ။ ကိုယ်ထိပါးလုပ်တာ မဟုတ်ဘူး။ ကျွန်တော့်ကို တုတ်နဲ့ ဝိုင်းရိုက်တယ်။ စခန်းရောက်တော့ အထဲမှာ ကျွန်တော် တစ်ယောက်တည်းကို တရားခံဆိုပြီးတော့ မဲပြီးရိုက်တယ်။ အခုထွက်လာတော့ အာမခံထိုးခိုင်းတယ်။ ကျွန်တော် မထိုးပေးနိုင်ဘူး။ ကျွန်တော် တရားခံမဟုတ်ဘူးပြောတယ်။ ကျွန်တော့်ခေါင်းမှာ ထိတယ်။ အရိုက်ခံရတာ တစ်ကိုယ်လုံးပဲ။ ကျွန်တော်တို့က အဖွဲ့မဟုတ်ဘူး။ သူငယ်ချင်းတွေလောက်ပဲ။ ကျွန်တော်တို့မှာ ဘာလက်နက်မှ မရှိဘူး။ ဒူးထောက်ပေးပြီး အရှုံးပေး နေပါတယ်ဆိုမှ သူတို့တွေက ရိုက်တယ်” ဟု ရဲမေအား အကျီဆွဲချွတ်၍ ရေလောင်းခဲ့သည်ဟုဆိုကာ ရိုက်နှက်ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ကိုဌေးကျော်က ဆိုသည်။ ၎င်းတို့အဖွဲ့အနေဖြင့် ရဲမေအား ရေလောင်းရာတွင် ရဲမေဟု ပြောသောကြောင့် ရေထပ်လောင်းလိုက်ရာ ရဲမေက ဒေါသထွက်၍ မိုးကာကို ချွတ်ကာ လမ်းပေါ်သို့ ပစ်ချလိုက်ကြောင်း၊ ၎င်းတို့က ဆိုင်ကယ်အား ပြန်လည်ထောင်မတ်ပေး၍ မိုးကာကို ဆိုင်ကယ်ပေါ်သို့တင်ပေးခဲ့ရာ ရဲမေက စခန်းကို ဖုန်းဆက်၍ ဆိုင်ကယ်ကိုထားခဲ့ကာ နေရာမှ ထွက်သွားခဲ့ခြင်းဖြစ်ပြီး ရဲမေအား ရေပက်ခဲ့သည့် အဖွဲ့မှ တစ်ဦးမျှ ရဲမေအား ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်း မရှိခဲ့ကြောင်း ရဲမေအား ရေလောင်းခဲ့သည့် လူငယ်တစ်စု၌ ပါဝင်သော အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် ရဲမေအား အကျီချွတ်၍ ရေလောင်းခဲ့သည်ဟုဆိုကာ ဖမ်းဆီးထားသည့် လူငယ်ရှစ်ဦးကို စစ်ဆေးခဲ့ပြီးနောက် အာမခံဖြင့် ည ၁၀ နာရီကျော်အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။