အမြန်လမ်းမကြီးပေါ်၌ တစ်နေ့တည်း ယာဉ်မတော်တဆမှု သုံးကြိမ်ဖြစ်ပွား၍ သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရ

အမြန်လမ်းမကြီးပေါ်၌ တစ်နေ့တည်း ယာဉ်မတော်တဆမှု သုံးကြိမ်ဖြစ်ပွား၍ သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရ
Published 18 April 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက် နံနက်ပိုင်းက ယာဉ်မတော်တဆမှု သုံးကြိမ်ဖြစ်ပွား၍ လူသုံးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေ ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်များမှာ နံနက် ၁ နာရီခွဲခန့်တွင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၈ မိုင်အနီးတွင် ဆိုင်ကယ်တိမ်းမှောက်မှု တစ်ကြိမ်၊ နံနက် ၅ နာရီခွဲခန့်၌ မိုင်တိုင်အမှတ် ၁၂၅ မိုင်အနီးတွင် ပါဂျဲရိုးယာဉ်တိမ်းမှောက်မှုတစ်ကြိမ်၊ နံနက် ၈ နာရီခွဲခန့်၌ မိုင်တိုင်အမှတ် ၂၁၇ မိုင်အနီးတွင် SURF ယာဉ်တိမ်းမှောက်မှုတစ်ကြိမ် စုစုပေါင်းသုံးကြိမ် ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံး၍ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

မိုင်တိုင်အမှတ် ၃၄၈ မိုင်အနီးတွင် ဆိုင်ကယ်တိမ်းမှောက်ခဲ့သူ အသက် ၃၅ နှစ်ခန့် (အမည်၊ နေရပ်လိပ်စာစုံစမ်းဆဲ)မှာ ဦးခေါင်းနောက်စိပေါက်ပြဲ၊ ယာလက်ဖျံပေါက်ပြဲ၊ ယာခြေခုံပေါက်ပြဲဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ မိုင်တိုင်အမှတ် ၂၁၇ မိုင်အနီး ပါဂျဲရိုးယာဉ်မှ ယာဉ်မောင်းအိပ်ငိုက်ပြီး တိမ်းမှောက်ရာတွင် ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း အတူလိုက်ပါသူ အမျိုးသမီးနှစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၈ နာရီခွဲအချိန်၌ မိုင်တိုင်အမှတ် ၂၁၇ မိုင်အနီး၌ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ရဲရင့်အောင် (၂၀ နှစ်)၊ (ဘ)ဦးမောင်မောင် မြောက်ဒဂုံမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 9D/---- SURF အပြာရောင် မော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းမယာဘက် မြေသားလမ်းပေါ်သို့ရောက်ရှိ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းပါ အမျိုးသား သုံးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၅ ဦးအနက် ယာဉ်မောင်းဖြစ်သူ ရဲရင့်အောင်နှင့်အတူ ဒေါ်အေးအေးလွင် (၄၀ နှစ်)(ဘ) ဦးတင်မြင့်၊ မန္တလေးလမ်း မြောက်ဒဂုံမြို့နယ်နေသူတို့မှာ ထိခိုက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး အတူလိုက်ပါသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အထက်ပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်ကာ လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်မောင်းသူအမျိုးသားအား စကားအင်း အမြန်လမ်းမကြီး ရဲစခန်းမှ(ပ) ၈၀/၂၀၁၈၊ အမြန်လမ်းမကြီးများ ဥပဒေ ပုဒ်မ ၁၈ ဖြင့် လည်းကောင်း၊ မိုင်တိုင်အမှတ် ၁၂၅ မိုင်အနီးတွင် တိမ်းမှောက်သည့် ပါဂျဲရိုးယာဉ်မောင်း မနှင်းဖြူလွင် (၂၉ နှစ်)တောင် ဒဂုံမြို့နယ်နေသူအား ဗောဓိကုန်းအမြန် လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၆/၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၃၇ အရလည်းကောင်း၊ မိုင်တိုင်အမှတ် ၂၁၇ မိုင်အနီးတွင် တိမ်းမှောက်ခဲ့သည့် SURF ယာဉ်မောင်းရဲရင့်အောင်အား ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ) ၂/၂၀၁၈၊ ပြစ်မှုပုဒ်မပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၇/၃၃၈ အရလည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent