စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျွန်းလှမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျွန်းလှမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့
Published 18 April 2018

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် အင်းတိုင်းကျေးရွာနှင့် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ဆည်းတည်းရွာဟောင်းတွင် ဧပြီ ၁၃ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အချို့နှင့် စာသင်ကျောင်းအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကျွန်းလှမြို့နယ် အင်းတိုင်းကျေးရွာတွင် အစိုးရစာသင်ကျောင်းသည် တစ်ကျောင်းလုံးနီးပါး အမိုးလန်ခြင်း၊ ယင်းကျေးရွာဘုန်းတော်ကြီးကျောင်းသည်လည်း အမိုးလန်ခြင်း၊ လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူ ဒေါ်ညွန့်သန်းက ပြောကြားသည်။

“စာသင်ကျောင်းဟောင်းကြီးကတော့ အကုန်လုံး ပျက်စီးသွားတယ်လို့ ပြောပါတယ်။ ဘုန်းကြီးကျောင်းကတော့ အမိုးတွေ လန်သွားတယ်။ ရွာထဲက လူနေအိမ် ရှစ်လုံးက လဲတယ်။ ဆိုင်ခန်းတစ်ခန်းလည်း ပျက်ပါတယ်။ အသေအပျောက်ကတော့ မရှိဘူး။ တစ်ဦးကတော့ နွားတဲပြိုကျပြီး နွားတွေပါ ပိတယ်” ဟု အင်တိုင်းကျေးရွာမှ ဒေါ်ညွန့်သန်းက ဆက်လက်ပြောကြားသည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ဆည်းတည်းရွာဟောင်းတွင် ဧပြီ ၁၃ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ဆည်းတည်းရွာဟောင်းတွင် နေထိုင်သူ မရီဝင်းက ပြောကြားသည်။

“မိုးကြီးလေကြီးလာလို့မို့ အချို့အိမ်တွေက အတော်လေး ပျက်စီးတယ်။ ခန့်မှန်းခြေကတော့ ရှစ်အိမ်လောက်ထင်တာပဲ။ စာရင်းအတိအကျတော့ မဟုတ်သေးဘူး။ နေ့ခင်းဘက်ကျမှ စာရင်းက အတိအကျရမှာ။ မိုးလေတွေလာတော့ကျတော့ သစ်ပင်တွေလည်း လဲကုန်တာလေ။ လမ်းတွေလည်း ပိတ်နေပြီ။ ဘုန်းကြီးကျောင်းလည်း ပျက်စီးတယ်။ စာသင်ကျောင်းဟောင်းကလည်း အကုန်လုံး ပြိုကျသွားတယ်။ လူနေအိမ်တွေရဲ့ အိမ်တွေမှာ ဒိုင်းတွေရော သွပ်တွေပါ ပြောင်းပြန်လန်သလို ဖြစ်သွားတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဧပြီလဆန်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသက်လေပြင်းတိုက်ခတ်ခံခဲ့ရသည့် မြို့နယ်များမှာ ကျွန်းလှမြို့နယ်၊ အရာတော်မြို့နယ်၊ မုံရွာမြို့နယ်၊ ဘုတလင်မြို့နယ်၊ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်တို့တွင် လူနေအိမ် အများအပြား ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent