စစ်တွေမြို့တွင် မြို့လုံးကျွတ် ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲ ကျင်းပ

စစ်တွေမြို့တွင် မြို့လုံးကျွတ် ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲ ကျင်းပ
Published 17 April 2018

စစ်တွေမြို့တွင် မြို့လုံးကျွတ် ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲကို ယနေ့ (ဧပြီလ ၁၇ ရက်) နှစ်ဆန်းတစ်ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အသက် ၈၀ အထက် အဘိုးအဘွား ၁၀၃၂ ဦးအား ကန်တော့ ပူဇော်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ပူဇော်ကန့်တော့ရာတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် အသက် ၈၀ နှင့်အထက် သက်ကြီးအဘိုးအဘွား ၁၀၈ ဦးအား ပူဇော်ကန်တော့ခဲ့ကြပြီး လှူဖွယ်ဝတ္ထုများကို လှူဒါန်းခဲ့ကြကြောင်းနှင့် ကျန်ဘိုးဘွားများအား ရပ်ကွက်အသီးသီးတို့တွင် ပူဇော် ကန့်တော့ခဲ့ကြောင်းလည်း သိရှိရသည်။ ရပ်ကွက်များ၌ ပူဇော်ကန့်တော့ကြရာတွင် အသက် ၇၅ နှစ်နှင့်အထက် အဘိုးအဘွားများကိုလည်း ထည့်သွင်းပူဇော် ကန့်တော့ကြလေ့ ရှိကြောင်းသိရှိရပြီး သက်ကြီးပူဇော်ပွဲကို နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပလေ့ရှိကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်ပြီး သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစံသာမောင်က "အခုဆိုရင် စစ်တွေမြို့မှာ သက်ကြီးပူဇော်ပွဲ ကျင်းပလာတာ ၅၄ ကြိမ်မြောက် ဖြစ်ခဲ့ပြီပေါ့။ ဒီလို နှစ်ဆန်းတစ်ရက်နေ့တိုင်းမှာ သက်ကြီး အဘိုးအဘွားတွေကို ပူဇော်ကန်တော့ကြလေ့ ရှိကြတယ်။ အသက် ၈၀ နဲ့အထက်ရှိတဲ့ အဘိုးအဘွား ဘယ်သူ့ကိုမဆို ကန့်တော့ လှူဒါန်းကြတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာကလည်း ဗုဒ္ဓဘာသာ အစဉ်အလာအရလည်း ဖြစ်တယ်။ ဘဝနိဂုံးချုပ်နေပြီဖြစ်တဲ့ သက်ကြီးတွေကို ကန်တော့ခြင်းအားဖြင့် ကုသိုလ်ကောင်းမှုလည်း ဖြစ်တယ်။ ကိုယ်တိုင်ကလည်း တစ်နေ့နေ့မှာ ဒီလိုအရွယ်မျိုးကို ရောက်ရှိလာမှာ ဖြစ်တဲ့အတွက် အခုလိုမျိုး ကန်တော့ကြတာ ဖြစ်ပါတယ်၊ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အခုလိုမျိုး ပူဇော်ကန်တော့လေ့ ရှိကြတယ် "ဟု ပြောကြားခဲ့သည်။

ဦးဥတ္တမခန်းမတွင် ပြုလုပ်သော သက်ကြီးပူဇော်ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား စိုင်းဒြားစည်တော်အဖွဲ့မှ လူငယ်ယိမ်းအဖွဲ့မှလည်း မုနိပူဇာယိမ်းအကနှင့် ကပြဖျော်ဖြေခဲ့သကဲ့သို့ လှိုင်းစရာ စစ်ခင်းတိုက်စည်ခြင်း ယိမ်းအကဖြင့်လည်း ဖြေဖျော်ခဲ့ကြကြောင်း သိရှိရသည်။

သက်ကြီးပူဇော်ပွဲအဖွဲ့နှင့် ယိမ်းအဖွဲ့တို့ဖြင့် တစ်နေကုန် စစ်တွေမြို့ရှိ ရပ်ကွက်အသီးသီးသို့ တစ်ခုပြီးတစ်ခု သွားရောက်ပူဇော် ကန်တော့ကြပြီး ကပြခြင်းများကိုလည်း ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

ရခိုင်တိုင်းရင်းသားတို့သည် နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကို ကျင်းပလေ့ရှိရာတွင် ကျေးလက်များ၌မူ ဘိုးဘွားများအား ရေချိုးပေးခြင်း၊ ခြေသည်း လက်သည် လှီးဖြတ်ပေးခြင်းများကိုလည်း ပြုလုပ်ကြလေ့ရှိကြောင်း သိရှိရသည်။

Most Read

Most Recent