w နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မည် - Eleven Media Group <

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်မှုတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံကို မကြာခင်ကာလအတွင်း တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဟုသာ ဖော်ပြထားပြီး ဗီယက်နမ်အစိုးရ၏ တရားဝင် Twitter စာမျက်နှာတွင်မူ ဧပြီ ၁၉ ရက်မှ ၂၀ ရက်အထိ နှစ်ရက်ကြာခရီးစဉ် လာရောက်မည်ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်နှင့်ပတ်သက်ပြီး ဗီယက်နမ်အစိုးရပိုင် Voice of Vietnam သတင်းဌာန အပါအ၀င် အခြားဗီယက်နမ်သတင်းဌာနများတွင် မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် အစဉ်အလာအရ ခိုင်မာသည့်ဆက်ဆံရေး ထူထောင်ထားသည့် မိတ်ဆွေနိုင်ငံများဖြစ်ကြပြီး မြန်မာနိုင်ငံသည် ဗီယက်နမ်နှင့် ၁၉၇၅ ခုနှစ်က သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သော ပထမဆုံး အရှေ့တောင်အာရှနိုင်ငံဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ရုန်းကန်ကြိုးပမ်းခဲ့ရသည့် ကာလများတွင် လှိုက်လှိုက်လှဲလှဲ ကူညီပံ့ပိုးခဲ့သော နိုင်ငံဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်ခဲ့သည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ၏ ခရီးစဉ်အတွင်း၌လည်း နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့ကြောင်း ဗီယက်နမ်သတင်းများတွင် ဖော်ပြထားသည်။

မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၁၇ ခုနှစ်က အမေရိကန် ဒေါ်လာ ၈၂၈ ဒသမ ၃ သန်းအထိရှိခဲ့ပြီး ၂၀၁၆ ခုနှစ်ကထက် ၅၁ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်းနှင့် ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဒေါ်လာ နှစ်ဘီလျံခန့်တန်ကြေးရှိ စီမံကိန်း ၇၀ ဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှု သတ္တမမြောက် အကြီးဆုံးနိုင်ငံဖြစ်ကြောင်း ဗီယက်နမ်သတင်းများတွင် ဖော်ပြမှုအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ ၀င်နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာထရမ်ဒိုင်ကွမ်နှင့် တွေ့ဆုံ၍ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ ဦးထင်ကျော် သမ္မတတာဝန်ထမ်းဆောင်စဉ်ကလည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ဗီယက်နမ်သမ္မတ မစ္စတာ ကျန်းဒိုက်ကွမ်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။

April 16, 2018














Copy Protected by Chetan's WP-Copyprotect.