နှေးကွေးနေသည့် စီးပွားရေးနိုးထရန် Capital Injection လိုအပ်နေသော်လည်း Tax Amnesty တစ်ခုတည်း လိုအပ်နေခြင်းမဟုတ်ဘဲ ပုံစံမျိုးစုံစဉ်းစားရန် လိုအပ်ဟုဆို

နှေးကွေးနေသည့် စီးပွားရေးနိုးထရန် Capital Injection လိုအပ်နေသော်လည်း Tax Amnesty တစ်ခုတည်း လိုအပ်နေခြင်းမဟုတ်ဘဲ ပုံစံမျိုးစုံစဉ်းစားရန် လိုအပ်ဟုဆို
Published 17 April 2018

မျက်မှောက်မြန်မာ့စီးပွားရေး အလားအလာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲကျင်းပမှုကို တွေ့ရစဉ်

နှေးကွေးနေသည့် စီးပွားရေးနိုးထလာရန် Capital Injection လိုအပ်နေသော်လည်း Tax Amnesty တစ်ခုတည်း လိုအပ်နေခြင်း မဟုတ်ဘဲ ပုံစံမျိုးစုံဖြင့် စဉ်းစားရန် လိုအပ်နေကြောင်း စီးပွားရေးပညာရှင်နှင့် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က မျက်မှောက်မြန်မာ့စီးပွားရေး အလားအလာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲတွင် သုံးသပ်ပြောကြားသည်။

Tax Amnesty နှင့် ပတ်သက်၍ ပြောကြားရာတွင် စီးပွားရေး Theory အရ ပြောကြားခဲ့ခြင်းဖြစ်ပြီး What, How နှင့် Why မေးခွန်းသုံးခွန်းနှင့် နှိုင်းယှဉ်ပြောခဲ့ခြင်းဖြစ်သည်။

“တို့နိုင်ငံ အခုအချိန်မှာ ဘာလိုနေလဲ။ Injection လိုနေတယ်။ နှေးတဲ့စီးပွားရေးကို နိုးထအောင် ဘယ်လိုလုပ်မလဲမေးမယ်ဆိုရင် Capital Injection လိုနေတယ်။ ထရမ့်ပ်လည်း ဒီလိုပဲ လုပ်တာပဲ။ သူ့နိုင်ငံစီးပွားရေးတက်အောင်။ Injection လိုတယ်ဆိုတာကို Why ကိုသိရင် ဘယ်လိုလုပ်မလဲဆိုတဲ့ Why ရယ် ဘာလုပ်မလဲဆိုတဲ့ What က လွယ်သွားတယ်။ အခုက အခြေခံမေးခွန်းတွေ မမှန်တော့ အားလုံးကတစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖြစ်နေတယ်။ တကယ်တမ်းလိုနေတာ Tax မဟုတ်ဘူး။ Tax Amnesty မဟုတ်ဘူး။ တကယ်တမ်း လိုနေတာ သုံး၊ လေး၊ ငါး မဟုတ်ဘူး။ တကယ်တမ်းလိုနေတာက ကိုယ့်နိုင်ငံရဲ့ စီးပွားရေးနိုးလာအောင် ဘယ်လိုလုပ်မလဲ။ ဆရာတို့ခေါ်တဲ့ Stimulas။ နိုင်ငံကြီးကို အားရှိအောင် ဘယ်လိုလုပ်မလဲ။ အဲဒါစဉ်းစားလိုက်ရင် Tax Amnesty တစ်ခုတည်း မဟုတ်ဘူး။ ပုံစံတွေအများကြီး စဉ်းစားလို့ရတယ်။ ဆရာ ပြောသလိုပဲ။ Theory နည်းနည်းလေးခေါက်မိရင် လုပ်ရကိုင်ရတာ နည်းနည်းလေးလွယ်မယ်ထင်တယ်။ Why နဲ့ မစဘဲ What နဲ့ ပြောနေတော့ တစ်ယောက်နဲ့တစ်ယောက် ငြင်းနေရတယ်။ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးက အရေးမကြီးဘူး။ ဘာကြောင့်လုပ်လဲဆိုတာ အရေးကြီးတယ်။ ဘာကြောင့်လုပ်လဲသိရင် ကျန်တာအဖြေရှာလို့ရတယ်” ဟု ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများနှင့် အခြေပစ္စည်းများ တရားဝင်ဖြစ်လာစေရန် အခွန်နှုန်း သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းပေးသွင်းရမည်ဟု သတ်မှတ်ဖော်ပြခဲ့ပြီး အဆိုပါနှုန်းမှာ နှစ်စဉ်ပုံမှန်ထမ်းဆောင်နေသူများအတွက် အခွန်ရှောင်လိုသော အလေ့အထ စဉ်းစားလာစေနိုင်ခြင်း၊ အခွန်ရှောင်ခဲ့သူများကို ဦးစားပေးသလို ဖြစ်စေနိုင်ခြင်း၊ အစ္စလာမ္မစ် အစွန်းရောက် အဖွဲ့အစည်းများနှင့် အကြမ်းဖက် အဖွဲ့အစည်းများ၏ ငွေများစီးဝင်လာနိုင်ခြင်း၊ စစ်ဆေးကြပ်မတ်ရမည့် အဖွဲ့အစည်းများ၏ တာဝန်များကို ဖော်ပြနိုင်မှုမရှိခြင်းစသည့် ဝေဖန်မှုများ ရှိခဲ့ပြီးနောက် အဆိုပါ ပုဒ်မကို ပယ်ဖျက်ခဲ့သည်။

ထို့သို့ အခွန်လွတ်ငြိမ်းခွင့်အတွက် လက်ရှိသတ်မှတ်ထားသည့် သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းမှာ နည်းပါးနေကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာသီတာကြူက ပြောကြားသည်။

အခွန်လွတ်ငြိမ်းချမ်းသာခွင့် ပုဒ်မ ၂၅ ကြောင့် အခွန်စာရင်းမပြခဲ့သည့်ငွေများ စီးပွားရေးလောကသို့ ထုထည်ကြီးစွာဝင်လာပါက တစ်ပတ်ကြာဝင်လာလျှင်ပင် အကျိုးရှိမည်ဖြစ်ကြောင်းနှင့် ငွေမည်းများဝင်မလာရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် စိစစ်ကာ အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။