လာမည့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ ၇ ဒသမ၂ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ADB သုံးသပ်

လာမည့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ ၇ ဒသမ၂ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ADB သုံးသပ်
Published 17 April 2018

စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် အခြားသောလုပ်ငန်း ကဏ္ဍရပ်များတွင် တိုးတက်မှု ရှိလာသဖြင့် လာမည့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ ၇ ဒသမ၂ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း Asian Development Outlook 2018 အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

“စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ တိုးတက်လာပါတယ်။ ဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းတွေမှာလည်း တိုးတက်မှုတွေ ရှိလာပါတယ်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဂျီဒီပီက လာမယ့် ၂၀၁၉ ခုနှစ်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်” ဟု Myanmar Resident Mission မှ Yumiko Tamura က ပြောကြားသည်။

ADB ၏ ခန့်မှန်းချက်အရ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၆ ဒသမ ၈ ရာခိုင်နှုန်းသာရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လေ့လာကြည့်ပါက စက်မှုကဏ္ဍတွင် လုပ်ငန်းပေါင်း ၁၃၉ ခု၌ ဒေါ်လာ ၁၇၇၁ ဒသမ ၃၈၅ သန်းအထိ ဝင်ရောက်ထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၀ ဒသမ ၉၈ ရာခိုင်နှုန်းအထိ ဝင်ရောက်ထားသည်။ အဆိုပါပမာဏသည် ယခုနှစ်အတွင်း ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအနက် အများဆုံးဖြစ်ကြောင်း သိရသည်။ ထို့ပြင် အခြားဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်း ၄၀ မှ ဒေါ်လာ ၁၀၀၅ ဒသမ ၂၅၉ သန်း အထိရှိကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၇ ဒသမ ၅၈ ရာခိုင်နှုန်းအထိ ရှိနေသည်။

Most Read

Most Recent