<

မြန်မာနိုင်ငံသို့ပြန်လာပါက ဆောင်ရွက်ရမည့် အစီအစဉ်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိနေသူများက ဂဃနဏမသိရှိသည်ကို တွေ့ရဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

နှစ်နိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးပွဲအပြီး မီဒီယာများအား ရှင်းလင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – MOI)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဧပြီ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ နိုင်ငံတော်ဧည့်ဂေဟာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr Abul Hassan Mahmood Ali, M.P၊ ပြည်ထဲရေးဝန်ကြီး H.E.Mr. Asaduzzaman Khan MP တို့နှင့် တွေ့ဆုံ၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ကော့ခ်ဘဇားရှိ နေရပ်စွန့်ခွာနေထိုင်သူများစခန်း၌ နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့အနေဖြင့် ယနေ့အချိန်အထိ ပြန်လည်လက်ခံရေးနှင့် သက်ဆိုင်သည့်ဖောင်ပုံစံများကို မည်သူကမျှ လာရောက်အသိပေး ဖြည့်စွက်ခိုင်းခြင်း မရှိသေးဟု ပြောကြားကြကြောင်း ဒေါက်တာဝင်းမြတ်အေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးအား အသိပေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

“အဲဒီအခါမှာ သူတို့ကလည်း သူတို့မှာရှိတဲ့ အခက်အခဲတွေကို ပြန်လည်ပြောပြပြီး လိုအင်ဆန္ဒတွေကို တင်ပြကြပါတယ်။ ဒါပေမဲ့ အဓိက ဘာသွားတွေ့လဲဆိုတော့ တကယ်တော့ သူတို့အနေနဲ့ ပြန်လာချင်သလား၊ အဓိက မိမိဆန္ဒနဲ့မိမိ ပြန်လာချင်ရင် ပြန်လာလို့ရပါတယ်။ ကျွန်တော်တို့က မေးတော့ အများစုက အားလုံးနီးပါးက ပြန်လာချင်ကြပါတယ်လို့ ပြောတယ်။ သို့သော် ပြန်ဖို့ဘာလုပ်နေသလဲလို့မေးတော့ ဘာမှမလုပ်ရသေးဘူး။ အမှန်က ပြန်မယ်ဆိုရင် သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်က သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေကို ပြန်ချင်တဲ့အကြောင်းကို ပြောရမယ်။ ပြောရုံတင်မကဘူး ပုံစံပါဖြည့်ရမယ်။ ဒါပေမဲ့ အဲဒီပုံစံကို သူတို့က မတွေ့ဖူးကြဘူး။ ပုံစံလည်း သူတို့တစ်ခါမှ မရဘူးဖြစ်နေတယ်။ သဘောတူညီချက်အတိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က တာဝန်ရှိသူများက ဒီပုံစံတွေ အဲဒီက ဒုက္ခသည်စခန်းတွေမှာ ဖြန့်ဝေရမယ်။ ပြီးရင် ပြန်ချင်တဲ့သူရှိရင် ပုံစံကိုဖြည့်ပါလို့ ပြောရမယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်ဆည်းပြီး မြန်မာနိုင်ငံဘက်ကို ပြန်ပို့ရမယ်။ မြန်မာနိုင်ငံဘက်ကမှ ရောက်ရှိလာတဲ့ စာရင်းတွေကို စိစစ်မယ်။ စိစစ်မယ်ဆိုတာက အကြမ်းဖက်သမားတွေ ပါဝင်ခြင်းရှိ၊ မရှိ အပါအ၀င် နှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း စိစစ်ရပါမယ်။ စိစစ်ပြီး စာရင်းပြန်ပို့မှ ဘင်္ဂလားဒေ့ရှ်ဘက်က အသုတ်လိုက်၊ အသုတ်လိုက် ပြန်ပို့မယ်ပေါ့။ အဲဒီအစီအစဉ်ကို စခန်းထဲမှာရှိတဲ့သူတွေက ဂဃနဏ သိပ်မသိဘူး ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်ကိုလာပြီး ဒုက္ခသည်စခန်းက သူတွေကိုတွေ့ပြီး အဲဒီအကြောင်းအရာတွေကို ပြန်ပြောပြမှ သူတို့လည်း သဘောပေါက်သွားကြပါတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက နိုင်ငံပိုင်သတင်းစာများနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသည့် ၈၀၃၂ ဦး၏ စာရင်းနှင့် ဖြည့်စွက်ထားသောပုံစံများမှာ နှစ်နိုင်ငံအကြား သဘောတူညီထားသော Physical Arrangement ပါ ဖောင်ပုံစံအတိုင်း မဟုတ်ကြောင်း၊ ၎င်းတို့ ဆန္ဒအလျောက် ပြန်လာလိုကြောင်း ဖော်ပြလက်မှတ် ရေးထိုးထားမှု၊ လက်ဗွေပုံစံနှင့် ဓာတ်ပုံများ ပါဝင်ခြင်းမရှိကြောင်း၊ မြန်မာဘက်အနေဖြင့် ၎င်းပုံစံများကို စိစစ်ရန် ခက်ခဲကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ အသိပေးခဲ့ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ထိုသို့ပေးပို့ခံရကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သုံးကြိမ် အသိပေးခဲ့ပြီးဖြစ်ကြောင်း၊ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ မြန်မာဘက်မှ ကြိုးစားစိစစ်ခဲ့ကြောင်း၊ ယခုအထိ ၆၇၅ ဦးအား မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့် အထောက်အထားများကို စိစစ်ရရှိကြောင်း၊ စိစစ်ပြီးစာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပေးပို့ခဲ့သော်လည်း ယနေ့အထိ ပြန်ကြားချက်မရရှိသေးကြောင်း၊ နှစ်ဖက်သဘောတူညီထားသည့် ဖောင်ပုံစံအတိုင်း အချက်အလက်များကို ပြန်လည်ဖြည့်စွက်ပေးရန် အရေးကြီးကြောင်း ဒေါက်တာ ၀င်းမြတ်အေးက ပြောကြားသည်။

April 16, 2018














Copy Protected by Chetan's WP-Copyprotect.