ပုဂံမြို့သစ်တွင် သြင်္ကန်အကျနေ့က ဟိုတယ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ပုဂံမြို့သစ်တွင် သြင်္ကန်အကျနေ့က ဟိုတယ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Published 17 April 2018

ပုဂံမြို့သစ်ရှိ ရွှေဗဟိုဟိုတယ် သြင်္ကန်အကျနေ့က မီးလောင်ကျွမ်းနေစဉ်

ပုဂံမြို့သစ် အနော်ရထာနယ်မြေ ခမ်းလောင်းရပ်ကွက်ရှိ ရွှေဗဟိုဟိုတယ်တွင် ဧပြီ ၁၄ ရက် (သြင်္ကန်အကျနေ့) နံနက် ၄ နာရီဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ဟိုတယ်အိပ်ဆောင်များမှတစ်ဆင့် အနီးတွင်ရှိသော ဈေးဆိုင်ခန်းများကိုပါ ကူးစက် လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဟိုတယ်ဧည့်ကြိုအဆောက်အအုံ၏ အပေါ်ထပ်တွင် ခြင်ဆေးခွေထားရှိရာမှ စတင်လောင်ခဲ့သည်ဟု ယူဆရကြောင်းနှင့် မီးလောင်မှုကြောင့် ဧည့်ကြိုဆောင် အာစီနှစ်ထပ် အဆောက်အအုံ အပါအဝင် ဧည့်သည်များ တည်းခိုနေသည့် အိပ်ခန်းဆောင်များနှင့် အနောက်ဘက်တွင်ရှိသည့် ဈေးဆိုင်ခန်းများကိုပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“မနေ့ညနေကမှ မိသားစုစတည်းတာ။ ဗူးဘုရားပဲဖူး ရသေးတယ်။ အော်သံကြားလို့ ငလျင်လှုပ်တယ်ထင်ပြီး ထွက်ကြည့်တာ မီးတောက်မြင်မှ မီးလောင်တာဆိုပြီး ဖိနပ်တောင်မပါဘူး တွေ့ရာဆွဲ ထွက်ပြေးရတယ်” ဟု ဟိုတယ်တွင်တည်းခိုနေသည့် ဧည့်သည်မိသားစုဝင်တစ်ဦး ပြောကြားသည်။ တည်းခိုနေသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်မှူး ဦးသက်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံမြို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခလရ ၄၁၅ မှ စစ်သည်များ၊ ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၅ နာရီ မိနစ် ၂၀ တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ဟိုတယ်သည် ပြည်တွင်းပြည်ပ ခရီးသွားများ နှစ်သက်သဘောကျသည့် ဟိုတယ်ဖြစ်ပြီး ပုဂံမြို့သစ် မြို့လယ်လမ်းမနံ ဘေးတည်ရှိသည်။ မီးလောင်မှုကြောင့် ဟိုတယ်တာဝန်ခံအား ပုဂံနယ်မြေရဲစခန်းမှ (ပ) ၃၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်ထားရှိကြောင်း သိရသည်။

Most Read

Most Recent