
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျေးရွာအချို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေကျမှုကြောင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အမိုးများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။
ဟုမ္မလင်းမြို့နယ်ရှိ တော်စီ၊ တောင်ခြေရင်း၊ နမ်ပတ်ကား၊ ခုန်သာနှင့် ခေါက်ငိုးကျေးရွာတို့တွင် ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေ ၅ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဖြစ်ပွားချိန် နာရီဝက်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေကျမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း အိမ်ခြေ ၁၀၀ ကျော်ရှိ တော်စီကျေးရွာတွင်မူ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အမိုးများ ထိခိုက်ပျက်စီးခဲ့ကြောင်း တော်စီကျေးရွာနေ မခင်မာဝင်း၏ ပြောကြားချက်အရ သိရသည်။
“ညနေ ၅ နာရီလောက်မှာ လေတွေစတိုက်ပြီး မိုးရွာလာတယ်။ မိုးသီးလည်း ပါတယ်။ မိုးသီးက တော်တော်ကြီးတယ်။ တချို့ဆို လက်မလောက်ရှိတယ်။ ပြီးတော့ များလည်းများတယ်။ မိုးသီးကျတာက ကြီးလည်းကြီး အရမ်းများပြီး အရှိန်လည်းပြင်းတော့ တစ်ရွာလုံးလိုလိုပဲ အိမ်ခေါင်မိုးတွေ ပေါက်ကုန်တယ်။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းလည်း အမိုးတွေပေါက်ကုန်တယ်။ အမိုးလန်တာ ပြုတ်ထွက်တာတော့ မရှိဘူး။ လူနဲ့ တိရစ္ဆာန်တွေလည်း ထိခိုက်မိတာမရှိပါဘူး။ အမိုးတွေတော့ အကုန်ပြန်လဲရမယ်။ သုံးလို့မရတော့ဘူး။ အပေါက်အကြီးကြီးတွေ ပေါက်ကုန်တာလေ။ ဘေးနားကရွာတွေလည်း မိုးသီးကျတယ်။ ဒါပေမဲ့ ကျွန်မတို့ ရွာလောက်တော့ မဆိုးဘူး” ဟု တော်စီကျေးရွာနေ မခင်မာဝင်းက ပြောကြားသည်။
ထိုကျေးရွာများတွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေကျမှု ယခင်က ဖြစ်ပွားခဲ့ဖူးခြင်းမရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ဟုမ္မလင်းမြို့နယ် မာန်ဟုန်ကျေးရွာတွင်လည်း ဖေဖော်ဝါရီ ၂၆ ရက်က လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေကျမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။