<

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA တို့ နှစ်သစ်ကူးကာလအတွင်း ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး အရပ်သားသုံးဦးထက်မနည်း သေဆုံး

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ နှစ်သစ်ကူးကာလတွင် ပြင်းထန်သော ပစ်ခတ်မှုများရှိနေပြီး အရပ်သားသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ပြန်ကြားရေးဌာနက ပြောကြားသည်။

တပ်မတော်နှင့် KIA တို့သည် တနိုင်းဟူးကောင်းဒေသတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လကတည်း ဆက်တိုက်ပစ်ခတ်မှုများ ရှိနေခဲ့ခြင်းဖြစ်ပြီး ယခုဧပြီလဆန်းပိုင်းတွင် KIA တပ်မဟာ (၂) လက်အောက်ခံရင်း (၁၄) က ပြောက်ကျားစစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများကို ပြုလုပ်မည်ဖြစ်၍ မိမိရပ်ရွာသို့ အမြန်ဆုံး ထွက်ခွာကြပါရန် ထုတ်ပြန်ချက်များ ပြုလုပ်ခဲ့ပြီးနောက် ဖားကန့်နှင့် တနိုင်းမြို့နယ်များတွင် ပြင်းထန်သော ပစ်ခတ်မှုများ ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။

KIO/KIA ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေတယ်။ အထူးသဖြင့် တနိုင်းဘက်ရယ်။ ဖားကန့်ဘက်ရယ်။ လိုက်ဇာဘက်နှင့် မိုင်ဂျာယန် တရုတ်နယ်စပ်တစ်ကြောကိုတော့ လက်နက်ကြီးတွေနဲ့ မနေ့က အထိ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်။ အပြင်းထန်ဆုံးက တနိုင်းဒေသပေါ့။ လေကြောင်းနဲ့ ပစ်တယ်။ ခြေလျင်တပ်တွေက တက်လာတယ်။ ဘယ်လောက်ထိခိုက်တယ်။ ရှေ့တန်းအခြေအနေတွေကတော့ အသေအချာ မသိရသေးဘူး။ အရပ်သားတွေ သေနေကြတာလည်း ကြားနေရတယ်။ တနိုင်းအောင်လောဒ်နှင့် အင်းတော်ကြီးချောင်းဖျားဘက်မှာလည်း အရပ်သားတွေ ပိတ်မိနေတယ်။ ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်တွေလည်း ဒီကိစ္စ ဆွေးနွေးကြမှာပါ။ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိတယ်ဆိုလည်း ဘယ်တော့ဆိုတာတော့ မသိပါဘူး။ ဒီနေ့တော့ ပစ်ခတ်မှုတွေ မကြားရသေးဘူး” ဟု ဧပြီ ၁၆ ရက်တွင် ပြောကြားသည်။

တနိုင်းမြို့နယ် အောင်လောဒ်ကျေးရွာ၊ ဆွတ်ရိန်ယန်ကျေးရွာ၊ ဆွတ်ရာကျေးရွာများတွင် လူပေါင်း ၂၀၀၀ ခန့် ပိတ်မိနေပြီး အမြန်ဆုံးကူညီပေးရန် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တနိုင်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီက ဧပြီ ၁၄ ရက်တွင် တောင်းဆိုမှုများ ရှိခဲ့သည်။

အဆိုပါ တောင်းဆိုချက်နှင့်ပတ်သက်၍ မည်သည့်တုံ့ပြန်မှုမျှမရှိခဲ့သဖြင့် ဧပြီ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်အဆင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ခေါင်းဆောင်များက အစည်းအဝေး ထပ်မံလုပ်ဆောင်ခဲ့သည်။

“လက်နက်ကြီးမှန်လို့ သေတဲ့သူတွေ ဆက်တိုက်ဖြစ်နေတယ်။ တနိုင်းလမ်းပေါ်က ဒွန်ဘုံးခရွာသားတစ်ဦး၊ တနိုင်းဘက်က အောင်လောဒ်မှာတစ်ဦး၊ လိုင်ဇာနားက ငှက်ပျောခင်းမှာကတစ်ဦး အားလုံး သုံးဦးရှိတယ်။ စစ်ပွဲတွေမှာ ပျောက်ဆုံးတာတွေ၊ ပိတ်မိနေတာတွေ ရှိနေတယ်။ တနိုင်းအောင်လောဒ်မှာ လူ ၂၀၀၀ လောက်။ အင်းတော်ချောင်းဖျား ကာမိုင်းအထက်က လိုင်နောင်းခူးရွာမှာက ၁၅၀ ကျော်မယ်။ ပိတ်မိနေတယ်” ဟု ထွယ်ဂျင်ဒါအဖွဲ့မှ ဒါရိုက်တာ ဒေါ်နန်ပူက ပြောကြားသည်။

တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးက “အောင်လောဒ်တို့၊ ဆွတ်မိုင်ယန်တို့က အရင်ကတည်းက ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေ။ အရင်က လီဒိုလမ်းအနောက်ခြမ်းမှာ ပစ်ကြတာ။ အခုက လီဒိုလမ်းအရှေ့ဘက်မှာ။ တနိုင်းနှင့် မိုင် ၂၀ ကျော်ဝေးတယ်လို့ သိရတယ်။ ရွာက ဓမ္မဆရာတွေက ကျွန်တော်တို့ဆီ လှမ်းပြီး အကူအညီတောင်းတယ်။ ၀န်ကြီးချုပ်ကိုတော့ ဖုန်းနဲ့ အကြောင်းကြားပေးလိုက်တယ်။ သူတို့ပြောပြချက်အရတော့ လက်နက်ကြီးတွေ၊ လေကြောင်းက ပစ်တာတွေက ရွာထဲရောက်လာတယ်။ ရွာက လူငယ်တစ်ဦး သေတယ်ဆိုတော့ တစ်ရွာလုံးကလည်း ကြောက်နေကြတယ်။ လက်နက်ကြီးပစ်တာကတော့ တနိုင်းမြို့ပေါ်ကလည်း ကြားနေရတာပဲ။ တိုက်လေယာဉ်တွေလည်း ရောက်နေတာပဲ။ လွန်ခဲ့တဲ့သုံးလေးရက် ဆက်တိုက်ကိုဖြစ်သွားတာ။ ဒီနေ့တော့ မကြားမိပြန်ဘူး” ဟု ပြောကြားသည်။

တပ်မတော်နှင့် KIA တို့ တနိုင်းဒေသတွင် တရားမ၀င်ရွှေမှော်၊ ပယင်းမှော်များကို အကြောင်းပြု၍ ပစ်ခတ်မှုများဆက်တိုက် ဖြစ်ပွားခဲ့သည်မှာ ၂၀၁၇ ခုနှစ် ဇွန်လဆန်းပိုင်းမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ ၁၀ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှုများကြားတွင် အရပ်သားသားများ ထိခိုက်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ မိုင်းနင်းဒဏ်ရာရခြင်း၊ မသင်္ကာသူများ ဖမ်းဆီးခံရခြင်းများ ရှိခဲ့သည်။

April 16, 2018














Copy Protected by Chetan's WP-Copyprotect.