သောက်သုံးရေခက်ခဲနေသည့် ပေါက်မြို့နယ် သုံးမွှာတာချောင်းကျေးရွာ ရေမပြတ်လပ်စေရန် ရေလှူအသင်းများကူညီနေပြီး သက်ဆိုင်ရာက ရေတွင်းတူးဖော်မည်ဖြစ်ကြောင်း သိရ

သောက်သုံးရေခက်ခဲနေသည့် ပေါက်မြို့နယ် သုံးမွှာတာချောင်းကျေးရွာ ရေမပြတ်လပ်စေရန် ရေလှူအသင်းများကူညီနေပြီး သက်ဆိုင်ရာက ရေတွင်းတူးဖော်မည်ဖြစ်ကြောင်း သိရ
Published 17 April 2018

ရေခန်းခြောက်နေသည့် သုံးမွှာတာချောင်းကျေးရွာသို့ Eleven Media Gruop ၏ ရေလှူဒါန်းမှု အစီအစဉ်မှ ရေလာရောက် လှူဒါန်းပေးနေစဉ်

သောက်သုံးရေ ခက်ခဲနေသည့် ပေါက်မြို့နယ် သုံးမွှာတာချောင်းကျေးရွာ ရေမပြတ်လပ်စေရန် ရေလှူအသင်းများမှ ရေသယ်ယာဉ်များဖြင့် ကူညီပေးနေပြီး သက်ဆိုင်ရာ အစိုးရဌာနမှ ရေတွင်းတူးဖော်မည်ဖြစ်ကြောင်း လူမှုရေးအသင်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ကန်ရေခန်းခြောက်သွားပြီးနောက် သောက်သုံးရေခက်ခဲနေသည့် သုံးမွှာတာချောင်းကျေးရွာသို့ ပြီးခဲ့သည့် မတ်လမှစ၍ ရေလှူအသင်းများမှ ရေသယ်ယာဉ်များဖြင့် သွားရောက်ကူညီပေးနေရခြင်းဖြစ်ကြောင်း ရေကူညီသူများထံမှ သိရသည်။

ရေရှားပါးမှု ကြုံတွေ့ရသည့် ဒေသခံများအား ရေအလှူကားများ မလာရောက်နိုင်သည့်နေ့များတွင် တစ်မိုင်ကျော်ကွာဝေးသည့် ရွှေပြည်သာကျေးရွာသို့ ရေသွားရောက်ဝယ်ယူ သုံးစွဲနေရပြီး မိုးရွာသွန်းချိန် ကန်ရေရရှိမှသာ သောက်သုံးရေ အခက်အခဲ ပြေလည်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရွာမှာ စက်ရေတွင်းကလည်းမရှိတော့ ကန်ရေပဲ အားထားသုံးရပါတယ်။ ကန်ရေက ခုခန်းသွားတော့ အတော်ကို ရေခက်ခဲတယ်။ ပုံးအဝါတွေနဲ့ တစ်ဖက်ရွာကို ရေသွားခပ်ရတယ်။ ရေပုံးအဝါ ၁၀ ပုံးကို ကျပ် ၅၀၀ နဲ့ ဝယ်သုံးရတယ်။ ရေချိုးတာတောင် နွားစာကျင်းပေါ် တက်ချိုးရတယ်။ နွားရေရအောင်လို့။ အခု ရေအလှူကားတွေ လာတာတော့ ရှိတယ်။ သူတို့ လာတဲ့ရက် ဝယ်မသုံးရဘူးပေါ့” ဟု ပေါက်မြို့နယ် သုံးမွှာတာချောင်းကျေးရွာမှ ဦးမြဝင်းက ပြောကြားသည်။

အဆိုပါ သုံးမွှာတာချောင်းကျေးရွာအတွက် ယခုနှစ်ဆန်းပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ရေတွင်း တူးဖော်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း ဒေသခံများထံမှသိရပြီး စက်ရေတွင်းမှာ အနက် ပေ ၈၀၀ ထိ တူးဖော်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကိုယ်တိုင် ရေသွားရောက်လှူပြီး ရွာရဲ့ အခြေအနေကြည့်ခဲ့တော့ ရေက အတော်ခက်ခဲပါတယ်။ စက်ရေတွင်းကို ရေအရင်းအမြစ်ဌာနကနေ တူးဖော်ပေးမှာလို့ သိရတယ်။ သူတို့ကိုယ်တိုင်လည်း ကွင်းဆင်းပြီး ရေရနိုင်ခြေ တိုင်းတာတွက်ချက်တာတွေ လုပ်ပြီးသွားပါပြီ။ အနည်းဆုံး ပေ ၈၀၀ လောက် တူးဖော်ရနိုင်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဒေသခံတွေ ရေရရှိရေးအတွက် ကြိုးစားနေပါတယ်” ဟု ပေါက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောကြားသည်။

သောက်သုံးရှားပါးမှု ကြုံတွေ့နေရသည့် ပေါက်မြို့နယ် သုံးမွှာတာချောင်းကျေးရွာမှာ ပခုက္ကူမြို့နှင့် ၆၂ မိုင်ခန့်ကွာဝေးပြီး သွားလာရေးခက်ခဲသည့်အတွက် ရေအလှူကားများမှာ တစ်နေ့လျှင် တစ်ကြိမ်သာ လှူဒါန်းပေးနိုင်ကြောင်း ၊ကန်ရေခန်းခြောက်မှုကြောင့် သောက်သုံးရေခက်ခဲနေသည့် သုံးမွှာတာချောင်းကျေးရွာသို့ ပခုက္ကူမြို့ရှိ အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း ရေအလှူကား၊ အာယုသုခရေလှူအသင်းနှင့် Eleven Media Group ရေအလှူကားတို့မှ သွားရောက်လှူဒါန်းပေးနေကြောင်း သိရသည်။

ပခုက္ကူခရိုင်အတွင်း ကျေးရွာအချို့မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မိုးကာလတွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် သောက်ရေကန်များတွင် ရေစီးဝင်မှု နည်းပါးခဲ့သည့်အတွက် ကန်ရေခန်းခြောက်မှုအား ယခုနွေဦးအစမှာ စတင်ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ပခုက္ကူ၊ ညောင်ဦး၊ ပေါက်နှင့် မြိုင်မြို့နယ်အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာများအား အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ်ဖြင့် Eleven Media Group ၏ ရေလှူဒါန်းမှု အစီအစဉ်မှ ရေလိုအပ်သည့် ကျေးရွာများသို့ ရေဂါလန် တစ်သိန်းကျော် လှူဒါန်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent