<

ပန်းတနော်မြို့နယ်တွင် ခြောက်နှစ်အရွယ်မိန်းကလေးအား မုဒိမ်းပြုကျင့် ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ကျုံတိုင်းကြီးကျေးရွာအုပ်စု ကျုံတိုင်းကြီးကျေးရွာတွင် ရွှေတန်ခူး ငါးမွေးမြူရေးကန်လုပ်သား ထွေးဇော်ဦးမှာ ခြောက်နှစ်အရွယ် မိန်းကလေးငယ် မ…. အား သားမယားပြုကျင့်ကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ ဧပြီ ၁၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပန်းတနော်မြို့နယ် သုံးခွနယ်မြေရဲစခန်းမှ သိရသည်။

ဧပြီ ၁၂ ရက်က တရားလိုဖြစ်သူ မိခင်မှ သင်္ကြန်ပန်းခူးရန် ရွာထဲသို့သွားရောက်ကာ ပြန်လာစဉ် သမီးဖြစ်သူမှာ ငိုယိုထွက်ပြေးလာပြီး တရားခံထွေးဇော်ဦးမှာ နေအိမ်အိပ်ခန်းတွင် ထိုင်နေသည်ကို တွေ့ရကြောင်း၊ သမီးဖြစ်သူက ၎င်းအား သားမယားပြုကျင့်သည်ဟု ဆိုသောကြောင့် ဘောင်းဘီချွတ်ကြည့်ခဲ့ရာ သွေးများကျနေသည်ကို တွေ့ရှိရပြီး အော်ဟစ်အကူအညီတောင်းစဉ် ထွက်ပြေးသွားခဲ့သောကြောင့် သုံးခွနယ်မြေရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“သူ့အမေ အပြင်သွားတော့ ကလေးက ငိုနေတယ်။ တရားခံဝင်လာတာတွေ့တယ်။ ငါးကန်လုပ်သားချင်းဆိုပြီး ရွာထဲသွားတာ ပြန်လာချိန်မှာ ကလေးကငိုယိုတိုင်တော့ နင် ငါ့သမီးကိုဘာလုပ်တာလဲ မေးတယ်။ ဘာလုပ်လို့လဲပြောပြီး မိခင်ဖြစ်သူက အနီးအနား နေထိုင်သူများကို အော်ဟစ် အကူအညီတောင်းတော့ ထွက်ပြေးသွားခဲ့တယ်လို့ သိရတယ်။ ကလေးကို အိမ်မဲဆေးရုံမှာ ပို့ပြီးကုသနေရတယ်” ဟု ရှာဖွေကယ်ဆယ်ရေး ဒုတပ်ခွဲမှူး ဦးမျိုးညွန့်က ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာမှာ ပန်းတနော်မြို့နှင့် ၂၁ မိုင်ဝေးကာ အိမ်မဲမြို့နှင့် လေးမိုင်ခန့်ဝေးကွာကြောင်း၊ အပိုင်ရဲစခန်းဖြစ်သော သုံးခွရဲစခန်းနှင့် ၁၂ မိုင်ခန့်ဝေးသောကြောင့် ဧပြီ ၁၃ ရက်တွင် သွားရောက်အမှုဖွင့်ခဲ့ရာ ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမောင်မောင်ဦး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖမ်းဆီးခဲ့ရာ ဧပြီ ၁၄ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဆက်လက်သိရသည်။

တရားခံထွေးဇော်ဦးအား သုံးခွနယ်မြေ ရဲစခန်းတွင် အမှုအမှတ် ၁၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

April 16, 2018














Copy Protected by Chetan's WP-Copyprotect.