မုံရွာချင်းတွင်းသြင်္ကန် အတက်နေ့ ပိုမိုစည်ကားပြီး သြင်္ကန်ကာလအတွင်း မတော်တဆမှုများကြောင့် ခြောက်ဦးသေဆုံးကာ ၁၆၇ ဦး ဒဏ်ရာရရှိ

မုံရွာချင်းတွင်းသြင်္ကန် အတက်နေ့ ပိုမိုစည်ကားပြီး သြင်္ကန်ကာလအတွင်း မတော်တဆမှုများကြောင့် ခြောက်ဦးသေဆုံးကာ ၁၆၇ ဦး ဒဏ်ရာရရှိ
Published 17 April 2018

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ခုနစ်ရက်ကြာ ကျင်းပပြုလုပ်နေသည့် မုံရွာချင်းတွင်း သြင်္ကန်အတက်နေ့သည် ပြီးခဲ့သည့်သုံးရက်ထက် အလွန်စည်ကားနေပြီး သေဆုံးသူ ခြောက်ဦးနှင့် ကား၊ ဆိုင်ကယ် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၆၇ ဦး ဆေးရုံရောက်ရှိခဲ့ကြောင်း သိရသည်။

သြင်္ကန်အတက်နေ့တွင် မုံရွာမြို့မှ သာမကဘဲ မန္တလေး၊ ရန်ကုန်နှင့် အခြားမြို့နယ်များကပါ လာရောက်ရေကစားသူများလည်းရှိခဲ့ပြီး ချင်းတွင်းမြစ်ရေတိုးမှုကြောင့် ယခင်က သတ်မှတ်ထားသည့်နေရာမှ အနည်းငယ် နောက်သို့ဆုတ်ကာ ရေကစား ဧရိယာအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ရကြောင်း သိရသည်။

မုံရွာချင်းတွင်းသြင်္ကန်တွင် ကလေးငယ်များနှင့် အမျိုးသမီးများအတွက် ရေလွှာလျှောစီး တစ်ခုထားရှိခဲ့သော်လည်း ရန်ဖြစ်မှုအချို့ရှိခဲ့မှုကြောင့် ယင်းရေလွှာလျှောစီးနေရာအား ပြီးခဲ့သည့်သုံးရက်ခန့်က ပြန်လည်ဖျက်ဆီးခဲ့ရကြောင်း၊ ထို့အပြင် အဆိုတော်များသည် ရေကစားမဏ္ဍပ်ပေါ်တွင် သီဆိုနေစဉ် မဏ္ဍပ်အောက်ရှိ ရေကစားလာသူအချို့က ဖိနပ်ဖြင့် ပစ်ပေါက်ခြင်း၊ ဘီယာဘူးများဖြင့် ပစ်ပေါက်ခြင်း၊ ဦးထုပ်များဖြင့် ပစ်ပေါက်ခြင်း၊ ရေသန့်ဘူးအခွံများဖြင့် ပစ်ပေါက်ခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။

ချင်းတွင်းသြင်္ကန်အတွင်း ထည့်သွင်းပြထားသည့် ဇုန်ကြီးငါးခုရှိကြောင်း ယင်းဇုန်ကြီး ငါးခုသည် ပြခန်းဇုန်၊ ကလေးငယ်များ အားကစားကွင်းဇုန်၊ ရေကစားမဏ္ဍပ်များဇုန်၊ သဲပန်းပုအနုပညာပြခန်း၊ နားနေစားသောက်အပန်းဖြေဇုန်တို့ဖြစ်ကြောင်း ကလေးငယ်များ ပြခန်းဇုန်သည် အခကြေးငွေဖြင့် ဝင်ရောက်ရေကစားကြရပြီး နားနေစားသောက်အပန်းဖြေဇုန်တွင် ယာယီတည်ဆောက်ထားသည့် ထန်းရွက်တဲများသည် ပြီးခဲ့သည့်သုံးရက်ခန့်က မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။

မုံရွာချင်းတွင်းသြင်္ကန်တွင် နာမည်ကျော် အဆိုတော်များဖြစ်သည့် နီနီခင်ဇော်၊ မာရီကိုး၊ ထွန်းထွန်း၊ နိုင်းဝမ်း၊ ဝေလျှံ၊ ဒီဖြိုး၊ ရိုးရဲ၊ မဲလုံး၊ ကေဇင်၊ ဇာတ်မင်းသားဖိုးချစ်၊ စန္ဒကူးစသည့် အဆိုတော်များက ၎င်းတို့ သတ်မှတ်ပေးထားသည့် မဏ္ဍပ်စင်တွင် အလှည့်ကျ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခုနစ်ရက်ကြာ ကျင်းပပြုလုပ်နေသည့် ချင်းတွင်းသြင်္ကန်ကြောင့် ယခင်ကမုံရွာမြို့တွင် ရေကစားမဏ္ဍပ်များဖြင့် ပြည့်နှက်နေပြီး အလွန်စည်ကားခဲ့သော်လည်း ယခုနှစ်တွင် ရေကစားမဏ္ဍပ်များ မရှိသလောက် ရှားပါးခဲ့ကာ မြို့တွင်းအချို့နေရာများသည် စည်ကားမှု မရှိသော်လည်း အချို့နေရာများမှာမူ ယာဉ်ကြောပိတ်ဆို့သည်အထိ စည်ကားနေကြောင်း သိရသည်။

ထို့အပြင် ချင်းတွင်းသြင်္ကန်သို့ လာရောက်ရေကစားကြသူများအတွက် အခမဲ့ စားသုံးနိုင်ရန်ရည်ရွယ်၍ စတုဒိသာမဏ္ဍပ်များ တည်ဆောက်ထားရှိပြီး တစ်နေကုန် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း ရေကစားလာသူများ နာမကျန်းဖြစ်ပေါ်ခဲ့ပါက ကျန်းမာရေး ကူညီမှုအသင်းများကလည်း အချိန်နှင့် တစ်ပြေးညီ ဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။

မုံရွာမြို့ ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ကျင်းပပြုလုပ်နေသည့် ချင်းတွင်းသြင်္ကန်အား ဧပြီ ၁၁ ရက်မှ ဧပြီ ၁၇ ရက်အထိ ခုနစ်ရက် ကြာကျင်းပသွားမည်ဖြစ်ကြောင်း ယခုနှစ် မုံရွာသြင်္ကန်လေးရက်တာကာလအတွင်း ဆိုင်ကယ်များကားများ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့မှုကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ လူနာပေါင်း ၁၆၇ ဦးရောက်ရှိခဲ့ပြီး သေဆုံးသူ ခြောက်ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent