<

ဖျော်ဖြေရေးမဏ္ဍပ်များတွင် ဖျော်ဖြေခွင့်မရှိသည့်အတွက် သင်္ကြန်အတက်နေ့တွင် ဒေါင်းတို့မျိုးဆက်နှင့် ပြည်သူ့အသံ အိုးဝေသံ သံချပ်အဖွဲ့တို့ သုဝဏ္ဏဘောလုံးကွင်းရှေ့၌ ပြည်သူများအား သံချပ်များဖြင့်ဖျော်ဖြေ

ဓာတ်ပုံ – နေ၀န်းထက်

သံချပ်အတွက် ကြိုတင်ဆင်ဆာတင်ခဲ့ခြင်းမရှိခဲ့သည့် ဒေါင်းတို့မျိုးဆက်နှင့် ပြည်သူ့အသံ အိုးဝေသံ သံချပ်အဖွဲ့တို့သည် ဖျော်ဖြေရေးမဏ္ဍပ်များတွင် ဖျော်ဖြေခွင့်မရှိသည့်အတွက် သင်္ကြန်အတက်နေ့၌ သုဝဏ္ဏဘောလုံးကွင်းရှေ့ ဝေဇယန္တာလမ်းမတွင် ပြည်သူများအား သံချပ်များဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဧပြီ ၁၆ ရက် (သင်္ကြန်အတက်နေ့) တွင် ဆင်ဆာတင်မထားသည့် သံချပ်အဖွဲ့များထဲမှ ဒေါင်းတို့မျိုးဆက်၊ ပြည်သူ့အသံ အိုးဝေသံနှင့် ဒို့အသံ သံချပ်အဖွဲ့ သုံးဖွဲ့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနများက ဖျော်ဖြေခွင့်မပြုသဖြင့် ၄င်းတို့ကို ဖိတ်ကြားထားသည့် မဏ္ဍပ်များမှ တာဝန်ရှိသူများက ဖျော်ဖြေခွင့်မပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖျော်ဖြေခွင့် ပိတ်ပင်ခြင်းခံခဲ့ရသည့် သံချပ်အဖွဲ့သုံးဖွဲ့ထဲမှ ဒေါင်းတို့မျိုးဆက်နှင့် ပြည်သူ့အသံ အိုးဝေသံ သံချပ်အဖွဲ့များက သင်္ကြန်အတက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် သုဝဏ္ဏဘောလုံးကွင်းရှေ့၌ ပြည်သူများထံသို့ ၄င်းတို့၏သံချပ်များကို ချပြတင်ဆက်ကပြခဲ့သည်။

သံချပ်အဖွဲ့နှစ်ဖွဲ့၏ ပြည်သူများရှေ့၌ တင်ဆက်ခဲ့သည့် သံချပ်များတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် သက်ဆိုင်သည့်ကိစ္စများ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအကြောင်း၊ အစိုးရ၏ အားနည်းချက်များကို ဝေဖန်ထောက်ပြသည့်အချက်များ ပါဝင်ခဲ့သည်။

ဖျော်ဖြေရေးမဏ္ဍပ်များတွင် ဖျော်ဖြေခွင့်မရှိသည့်အတွက် သုဝဏ္ဏဘောလုံးကွင်းရှေ့ လမ်းပေါ်တွင် ဖျော်ဖြေခဲ့ရသည့် သံချပ်အဖွဲ့နှစ်ဖွဲ့အား ပြည်သူများက အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သလို တင်ဆက်ခဲ့သည့်သံချပ်များကိုလည်း လက်ခုပ်တီး၍ အားပေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ဒေါင်းတို့မျိုးဆက်နှင့် ပြည်သူ့အသံ အိုးဝေသံ သံချပ်အဖွဲ့တို့ ဝေဇယန္တာလမ်းမတွင် ဖျော်ဖြေခဲ့ပြီးနောက် ၄င်းတို့ကို ဖျော်ဖြေခွင့်ပိတ်ထားသည့် မဏ္ဍပ်များထဲမှ တစ်ခုဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ မဏ္ဍပ်တစ်ခုက ဖျော်ဖြေခွင့်ပေးမည်ဟုပြောသဖြင့် ဖျော်ဖြေရန် သွားရောက်ခဲ့သော်လည်း ဖျော်ဖြေခွင့်မရခဲ့သဖြင့် လမ်းမပေါ်တွင်သာ ဖျော်ဖြေခဲ့ရကြောင်း သိရသည်။

သံချပ်အဖွဲ့များသည် မြန်မာ့ရိုးရာသင်္ကြန်ကာလများတွင် သံချပ်များဖြင့် ခေတ်စနစ်ကို မညာတမ်းထောက်ပြလေ့ရှိပြီး စစ်အာဏာရှင်လက်ထက်တွင်ပင် မကြောက်တမ်းထောက်ပြဝေဖန်သည့် သံချပ်များကြောင့် ပြည်သူအများ အထူးနှစ်ခြိုက်အားပေးခဲ့ကြောင်း သိရသည်။

April 16, 2018














Copy Protected by Chetan's WP-Copyprotect.