ကလေးမြို့နယ် တောင်ပိုင်း ကားလမ်းဘေးရှိ ကျေးရွာများတွင် သြင်္ကန်ကာလအတွင်း လူစည်ကားခဲ့ပြီး ထိုမာကျေးလက်သြင်္ကန်သို့ ရေကစားလည်ပတ်သူ များပြား

ကလေးမြို့နယ် တောင်ပိုင်း ကားလမ်းဘေးရှိ ကျေးရွာများတွင် သြင်္ကန်ကာလအတွင်း လူစည်ကားခဲ့ပြီး ထိုမာကျေးလက်သြင်္ကန်သို့ ရေကစားလည်ပတ်သူ များပြား
Published 16 April 2018

ကလေးမြို့နယ် တောင်ပိုင်း ထိုမာသြင်္ကန်ပွဲ ဆင်နွဲနေကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်သူထွန်း)

ကလေးမြို့နယ် တောင်ပိုင်း ကားလမ်းဘေးရှိ ကျေးရွာများတွင် သြင်္ကန်ကာလအတွင်း ရေကစားသူများနှင့် စည်ကားခဲ့ပြီး ထိုမာကျေးလက်သြင်္ကန်သို့ ရေကစားလည်ပတ်သူ များပြားခဲ့သည်ဟု သိရှိရပါသည်။

“ဒီနေ့က အကြတ်နေ့ဆိုတော့ မနေ့ကထက် ပိုစည်ကားတယ် ။ ကျွန်တော်တို့ ထိုမာက သြင်္ကန်ဆိုရင် အကျ ၊ အကြတ် ၊ အတက် ဆိုပြီး သုံးရက်ပဲ ရေကစားပါတယ် ။ ကျွန်တော်တို့ သြင်္ကန်က မနက် ၁၀ နာရီထိုးပြီးမှ စတယ် ။ ရွာထဲမှာ ဘုန်းကြီးကျောင်းနဲ့ ဥပုသ်ယူတဲ့သူတွေ ရှိတော့အခါကြ ဘုန်းကြီးကျောင်း သီလယူပြီးမှ စက်တွေ စဖွင့်တယ် ။ ညနေဆိုရင် ၃ နာရီလောက်ဆို ပြန်သိမ်းတယ် ။ အကျနေ့ဆို သိပ်မစည်ဘူး ၊ အကြတ်နေ့ဆို ပိုစည်ကားတယ် ။ ကျွန်တော်တို့ သြင်္ကန်စခဲ့တာ ကြာခဲ့ပါတယ် ။ တချို့မဏ္ဍပ်တွေဆိုရင် နှစ်ပေါင်း ၄၀ နီးပါးပေါ့ ။ တချို့မဏ္ဍပ်ဆိုရင် နှစ်ပေါင်း ၃၀ ပြည့်ပြီ ။ မြို့ပေါ်တို့၊ နယ်ဝေးတို့က လူတွေလာပြီး ရေကစားကြတာ နှစ်ပေါင်း ၁၅ နှစ်လောက် ရှိပြီ။ ကျွန်တော်တို့ ရွာကျ မဏ္ဍပ်များတယ်။ စတုဒီသာ ကျွေးတယ် ။ ရေကလည်း ပေါပေါများများ ရှိတယ်။ ကလေးမြို့ပေါ်က လူတွေကြတော့ ထန်ဘုရားကို သွားရင်း ထိုမာကို ဝင်ကြတယ်။ အဲလိုနဲ့ စည်ကားလာတယ် ။ စည်ကားလာတာ နာမည်ကြီးလာတော့ ပိုပြီးတော့ လာကြတယ် ။ ကျွန်တော်တို့ သြင်္ကန် အခုနောက်ပိုင်း တော်တော် ပြောင်းလဲလာတယ် ။ အရင်တုန်းကဆိုရင် မဏ္ဍပ်တွေ ရပ်ကွက်တစ်ခု တစ်လုံး နှစ်လုံးလောက် ထွက်တယ်။ ရပ်ကွက်က ခုနှစ်ခု ရှိတယ် ။ အခု နောက်ပိုင်းကြတော့ ၁၀ ခုလောက်ပဲ ရှိတယ်။ ဒီနှစ်တော့ မဏ္ဍပ် ၁၀ လုံး ရှိတယ် ။ တစ်ခုက မလုပ်ဖြစ်ဘူး” ဟု ထိုမာကျေးရွာ မှ ကိုအောင်သူဝင်း မှ ပြောကြားခဲ့ပါသည်။

ကလေးမြို့နယ် တောင်ပိုင်းတွင် မြို့သာကျေးရွာ ၊ သာစည်ကျေးရွာ ၊ ချင်းဆိုင်ကျေးရွာ ၊ သာယာဝတီကျေးရွာ နှင့် အခြားကျေးရွာတို့တွင် ရေပက်မဏ္ဍပ်များ ၊ စတုဒီသာ မဏ္ဍပ်များနှင့် ကျေးလက်သြင်္ကန်အဖြစ် စည်ကားခဲ့ကြသည်ဟု သိရှိရပါသည်။ ကလေးမြို့နယ် တောင်ပိုင်း ထန်တောင်တွင်ရှိသော ထန်ဘုရားသို့လည်း သွားရောက်မှု များပြားခဲ့သည်ဟု သိရှိရပါသည် ။

“ ကျွန်တော်တို့က အကြိုနေ့က စပက်တာပါ ။ အကျနေ့ကတော့ မနက် ၉ နာရီကနေ ၄ နာရီလောက်အထိ ရေပက်ပါတယ် ။ အကြတ်နေ့ကတော့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ အထိ ပက်တယ် ။ လုံခြုံရေးကတော့ မီးသတ်တွေ၊ လူလတ်ပိုင်းတွေ နဲ့ တစ်ရွာလုံး ဝိုင်းထိမ်းတာ ။ စတုဒီသာအနေနဲ့ မုန့်လုံးရေပေါ် ၊ ဖျော်ရည် ၊ သင်္ဘောသီးသုတ်တို့ ကျွေးတယ် ။ ဒီလိုလုပ်ရတာ တအားပျော်ပါတယ် ။ အဆင်ချောချော ဖြစ်ရင် ပိုကောင်းတာပေါ့ ။ လုံခြုံရေးကတော့ တင်းကြပ်ထားရတာပေါ့ ။ ကျွန်တော်တို့ ရွာက တောင်သူသုံး စက်ပစ္စည်းတွေလည်း ပေါတော့ အဆင်ပြေတယ်” ဟု ချင်းဆိုင်ရွာ မှ ကိုဇော်မင်းလတ်မှ ပြောကြားခဲ့ပါသည်။

Most Read

Most Recent