w မုံရွာသင်္ကြန်တွင် သုံးရက်တာ ကာလအတွင်း ဆိုင်ကယ်၊ ကား မတော်တဆ ဖြစ်ပွားမှုများကြောင့် လူ ၁၀၀ နီးပါး ဒဏ်ရရှိခဲ့ပြီး လူလေးဦး သေဆုံးမှု ဖြစ်ပွား - Eleven Media Group <

မုံရွာသင်္ကြန်တွင် သုံးရက်တာ ကာလအတွင်း ဆိုင်ကယ်၊ ကား မတော်တဆ ဖြစ်ပွားမှုများကြောင့် လူ ၁၀၀ နီးပါး ဒဏ်ရရှိခဲ့ပြီး လူလေးဦး သေဆုံးမှု ဖြစ်ပွား

မုံရွာပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာတစ်ဦးအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာသင်္ကြန် သင်္ကြန်အကြို၊ အကျ၊ အကြတ် သုံးရက်တာ ကာလအတွင်း ဆိုင်ကယ်၊ ကား ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် လူ ၁၀၀ နီးပါး ဒဏ်ရရှိခဲ့ပြီး လူလေးဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မုံရွာပြည်သူ့ဆေးရုံ ပြင်ပလူနာနှင့် အရေးပေါ်ဌာနရှိ မူခင်းဆေးစာဌာန၏ စာရင်းများအရ သိရသည်။

ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားနှုန်းက ပိုမိုမြင့်တက်ခဲ့ပြီး မော်တော်ယာဉ် မတော်တဆ ဖြစ်ပွားမှုနှုန်းမှာ နည်းပါးခဲ့ကြောင်း၊ ထို့အပြင် မုံရွာချင်းတွင်း သဲတောင်ပြင်တွင် ထည့်သွင်းထားသည့် Beach Zoone တွင် ရေကစားရာမှ တစ်ဆင့် ရေနစ်သေဆုံးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။

“ဆေးရုံမှာ လူတွေ များလာတဲ့ အနေအထားကတော့ မူးယစ်သောက်စားတဲ့ လူနာတွေ တွေ့နေရပါတယ်။ မနှစ်ကထက်စာရင် ဒီနှစ်သင်္ကြန် ပိုစည်ကားတယ်။ ပြီးတော့ မနှစ်က သင်္ကြန်ထက် ဒီနှစ်သင်္ကြန်က ဆေးရုံရောက်ကြတဲ့ လူနာတွေ ပိုများတယ်။ ရိုက်ပွဲဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့လူနာက နည်းတယ်။ အက်စီးဒင့်ဖြစ်တဲ့ လူနာတွေ များတယ်။ အက်စီးဒင့်ဖြစ်တဲ့ လူနာတွေထဲမှာ ဆယ်ကျော်သက် လူငယ်တွေ များတယ်”ဟု ကရုဏာမြင့်မိုရ် နာရေးကူညီမှုအသင်းဥက္ကဌ ဦးမြင့်သန်းက ပြောကြားသည်။

မုံရွာမြို့အတွင်းရှိ ရေကစားမဏ္ဍပ်များရှိ နေရာတိုင်းတွင် ရေလာကစားသူ များပြားခဲ့ပြီး သင်္ကြန်အကြို၊ သင်္ကြန်အကျနေ့ထက်၊ သင်္ကြန်အကြက်နေ့တွင် အလွန်စည်ကားခဲ့ကြောင်း ကားလမ်းမပေါ်များတွင် ကားများ၊ ဆိုင်ကယ်များ သွား၍ မရအောင် ပြည့်ညပ်နေခဲ့ကြကြောင်း သိရသည်။

မုံရွာသင်္ကြန် အကြိုနေ့တွင် ပြည်သူ့ဆေးရုံသို့ လာရောက် ဆေးကုသမှု ခံရသူ ၄၃ ဦး၊သင်္ကြန်အကျနေ့တွင် ပြည်သူ့ဆေးရုံသို့ လာရောက် ဆေးကုမှုခံရသူ ၆၂ ဦး၊ သင်္ကြန်အကြတ်နေ့ နံနက် ၁၁ နာရီအထိ ပြည်သူ့ဆေးရုံသို့ လာရောက် ဆေးကုသမှုခံရသူ ၆ ဦး စုစုပေါင်း ၁၁၁ ဦးနှင့် သေဆုံးသူ လေးဦးအထိ ရှိခဲ့ကြောင်း သိရသည်။

April 16, 2018














Copy Protected by Chetan's WP-Copyprotect.