ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ၏ “ဒေါင်းတို့အားမာန်” သြင်္ကန်သံချပ်အဖွဲ့ ဗဟိုမဏ္ဍပ်အရှေ့၌ ဖျော်ဖြေနေစဉ် ရဲတပ်ဖွဲ့မှ လာရောက်တားဆီးခဲ့

ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ၏ “ဒေါင်းတို့အားမာန်” သြင်္ကန်သံချပ်အဖွဲ့ ဗဟိုမဏ္ဍပ်အရှေ့၌ ဖျော်ဖြေနေစဉ် ရဲတပ်ဖွဲ့မှ လာရောက်တားဆီးခဲ့
Published 15 April 2018

ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ၏ “ဒေါင်းတို့အားမာန်”သြင်္ကန်သံချပ်အဖွဲ့ယာဉ်အား တွေ့ရစဉ်

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်၌ လှည့်လည် ဖျော်ဖြေနေသည့် ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ၏ “ဒေါင်းတို့အားမာန်”သြင်္ကန်သံချပ်အဖွဲ့အား ဧပြီလ ၁၄ ရက်(သြင်္ကန်အကျနေ့) ညပိုင်းက ဗဟိုမဏ္ဍပ်အရှေ့၌ ဖျော်ဖြေနေစဉ် ရဲတပ်ဖွဲ့မှ လာရောက် တားဆီးခဲ့ကြောင်း သိရသည်။

ယခုနှစ် တနသာၤရီတိုင်းဒေသကြီး၏ မဟာသြင်္ကန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်ပေါ်၌ သံချပ်ထိုးခွင့် မပြုကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်ထားသည်။ သြင်္ကန်အကြိုနေ့မှ စတင်ကာ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများ၌ ရွေ့လျားယာဉ်ဖြင့် လှည့်လည်ဖျော်ဖြေနေသည့် ယင်း “ဒေါင်းတို့အားမာန်”သြင်္ကန်သံချပ်အဖွဲ့မှာ ဧပြီ ၁၄ ရက် (သြင်္ကန်အကျနေ့) ညက ဗဟိုမဏ္ဍပ်အရှေ့တွင် ယာဉ်ပေါ်မှ သံချပ်ထိုးကာ ဖျော်ဖြေနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဗဟိုမဏ္ဍပ်အနီး ဖျော်ဖြေခွင့်မရှိကြောင်း လာရောက် တားဆီးခဲ့ရာမှ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် အခြေအတင် စကားများမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပွားခဲ့သော်လည်း သံချပ်အဖွဲ့၏ ဖျော်ဖြေမှုကို မရပ်ဆိုင်းခဲ့ဘဲ ဆက်လက်ဖျော်ဖြေခဲ့ပြီး ဒေသခံ ပရိတ်သတ်များက အားပေးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီ “ဒေါင်းတို့အားမာန်” သံချပ်အဖွဲ့က အစကတည်းက မဏ္ဍပ်အပေါ်မှာ ထိုးဖို့ခွင့်ပြုချက် တင်တယ်။ သူတို့(အစိုးရအဖွဲ့) က ဘာပြောလဲဆိုတော့ ဗဟိုမဏ္ဍပ်မှာတော့ မရဘူး။ ကျန်တဲ့ မဏ္ဍပ်မှာတော့ မဏ္ဍပ်တာဝန်ခံတွေနဲ့ညှိပြီး လုပ်လို့ ပြောတယ်။ အဲဒီအတွက် ဗဟိုမဏ္ဍပ်မှာ တက်ခွင့်မရလို့ကျန်တဲ့မဏ္ဍပ်လည်း မတက်ဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့လွတ်လွတ်လပ်လပ် ဒီအကဖောင်နဲ့မြို့ထဲမှာ လှည့်တယ်။ လှည့်တဲ့အချိန်မှာ မဏ္ဍပ်တိုင်းကို ရောက်ချင်မှ ရောက်လိမ့်မယ်၊ မရောက်ချင်လည်း မရောက်ဘူး။ အခု ဒီလိုရောက်သွားလို့ဗဟိုမဏ္ဍပ်မှာ သူတို့အကပြိုင်နေတယ်ဆိုတာ ကျွန်တော်တို့နားလည်တယ်။ ဒါပေမယ့် သူတို့ ကပြီးမှ ကျွန်တော်တို့သံချပ်က စတာ။ ကျွန်တော်တို့သံချပ်စတော့ ရဲတွေ လာတာပေါ့။ ရဲတွေက လာတားတယ်။ ပြိုင်ပွဲလုပ်နေလို့ ဒီမှာ သံချပ်ထိုးလို့ မရဘူးပေါ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့က ဘာလဲဆိုတော့ အစကတည်းက မဏ္ဍပ်ပေါ်မှာ ထိုးခွင့်မရလို့ပဲ ကိုယ့်ဟာကိုယ် ကားနဲ့လာတာ။ ဆိုတော့ ကျွန်တော်တို့ ဒီလိုကားပေါ်မှာ ထိုးတာကို တားပိုင်ခွင့်မရှိဘူးလို့မြင်တယ်ပေါ့နော်။ ဒါပေမယ့် သူတို့ဘာကိုကြောက်လို့ကြောက်မှန်းမသိတဲ့ ဘယ်သူက တားခိုင်းလို့တားခိုင်းမှန်းမသိတဲ့ အဖြေတစ်ခုနဲ့ကျွန်တော်တို့ဆီကို လာတားတာကို အပြင်းအထန် ကန့်ကွက်ပါတယ် ” ဟု ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ဖြစ်သူ ကိုအောင်ဝေယံကျော်က ပြောကြားသည်။

ယခုနှစ် တနသာၤရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော ထားဝယ်မြို့၌ ဗဟိုမဏ္ဍပ် အပါအဝင် အစိုးရဌာနမဏ္ဍပ် သုံးခုသာရှိပြီး ယိမ်းအကပြိုင်ပွဲအတွက် ၁၅ ဖွဲ့ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ သံချပ်ပြိုင်ပွဲကို ထည့်သွင်း ကျင်းပပေးခဲ့ခြင်း မရှိကြောင်း၊ ဗဟိုမဏ္ဍပ်၌ သံချပ်ဖျော်ဖြေခွင့် ပြုမည်မဟုတ်ကြောင်းကို ပြီးခဲ့သည့် မတ်လ ၆ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တနသာၤရီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသြင်္ကန်ပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ဆုံးဖြတ်ခဲ့မှုအပေါ် ဒေသခံများနှင့် သံချပ်အဖွဲ့များအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

Most Read

Most Recent