မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ပိုင် လေယာဉ်တစ်စီး ထားဝယ်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရ

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ပိုင် လေယာဉ်တစ်စီး ထားဝယ်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရ
Published 15 April 2018

ထားဝယ်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ပိုင် ATR အမျိုးအစား လေယာဉ်အမှတ် XY-AJN အား တွေ့ရစဉ်

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ၏ ရန်ကုန်-မြိတ်-ဘုတ်ပြင်း ခရီးစဉ် ပျံသန်းလာသည့် ATR အမျိုးအစား လေယာဉ်အမှတ် XY-AJN မှာ ယနေ့ဧပြီလ ၁၄ ရက်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ထားဝယ်မြို့အနီး ကောင်းကင်ပေါ်အရောက်၌ Engine number 2 Engine Oil ယိုစိမ့်မှု ဖြစ်ပွားခဲ့သဖြင့် ထားဝယ်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

MNA ၏ ခရီးစဉ်အမှတ် UB313 ရန်ကုန်-မြိတ်-ဘုတ်ပြင်း ခရီးစဉ်အား ပြေးဆွဲသည့် လေယာဉ်အမှတ် XY-AJN မှာ ထားဝယ်မြို့ အနီး၌ Engine number 2 Engine Oil ယိုစိမ့်မှု ဖြစ်သဖြင့် လေယာဉ်မှုးမှ ထားဝယ်လေဆိပ်သို့ အင်ဂျင်စက်တစ်လုံးသတ်၍ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် အန္တရာယ် ကင်းရှင်းစွာဖြင့် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ကျန်ရှိသော ခရီးစဉ်အတွက် အစားထိုးလေယာဉ် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines) ၏ တရားဝင်ဖေ့ဘုတ် စာမျက်နှာတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

၎င်းအရေးပေါ်ဖြစ်စဉ်တွင် ဆုံးဖြတ်ချက်မှန်ကန်စွာဖြင့် ခရီးသည်များနှင့် လေယာဉ်အတွက် safety ရှိစွာ ဆောင်ရွက်ခြင်းကြောင့် လေယာဉ်မှူး အပါအဝင်Crew အဖွဲ့ အားလုံးအား ချီးကျူးမှတ်တမ်းတင် အပ်ပါကြောင်းနှင့် နောက်နောင်တွင်လည်း နိုင်ငံတော်ပိုင် လေကြောင်းလိုင်း ဖြစ်သော Myanmar National Airlines အနေဖြင့် safety ကို ဦးစားပေးအဆင့် တစ်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း Myanmar National Airlines ၏ဖေ့ဘုတ်စာမျက်နှာတွင် ဆက်လက်ဖော်ပြထားခဲ့သည်။

ခရီးသည် (၇၀) ဦးဆန့်သည့် ATR 72-500 (MSN-787) အမျိုးအစား ၎င်း XY-AJN လေယာဉ်ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က Ireland အခြေစိုက် Are Arann ကုမ္ပဏီထံမှ ပို့ဆောင်ရေးဝန်ကြီးဌာနက ဝယ်ယူထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကာ ပြည်တွင်းခရီးစဉ်များတွင် ပြေးဆွဲခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှ ဖော်ပြချက်အရ သိရသည်။

ထို့အပြင် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း အနေဖြင့် ပြင်သစ်နိုင်ငံ ATR လေယာဉ်ကုမ္ပဏီမှ လေယာဉ်သစ်ခြောက်စင်း ဝယ်ယူရန်နှင့် ရန်ကုန်လေဆိပ်တွင် ATR လေယာဉ် အကြီးစား ပြင်ဆင်စက်ရုံ ဖွင့်လှစ်ရန် MoU အား ၂၀၁၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် လက်ရှိအစိုးရသစ် လက်ထက်ဖြစ်သည့် ၂၀၁၆ ခုနှစ် ဧပြီလတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေယာဉ်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းဌာနမှ 8 Years Check စစ်ဆေးမှုကို မြန်မာပြည်တွင် ပထမဆုံးအနေဖြင့် မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် ATR 72-500 အမျိုးအစား လေယာဉ်အမှတ် XY-AJN အား ၂၀၁၆ ခုနှစ် ဧပြီ ၂၁ ရက်မှ ဇွန် ၁၉ အထိ ဆောင်ရွက်ပေးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းလေယာဉ်အမှတ် XY-AJN မှာပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှ ကျောက်ဖြူလေဆိပ်သို့ဆင်းသက်ပြီး မြေပြင်သို့ရောက်ရှိချိန်၌ လေယာဉ်၏ ကုန်ပစ္စည်း အတင်အချ ပြုလုပ်သောတံခါး ဖွင့်မရခဲ့သောကြောင့် ကြန့်ကြာမှု ဖြစ်ပွားခဲ့ဖူးသည့်အပြင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ခရီးစဉ်အမှတ် UB-217 ရန်ကုန်-စစ်တွေ-အမ်း-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲနေစဉ် စစ်တွေလေဆိပ်မှ အမ်းလေဆိပ်သို့ထွက်ခွာရန် လေယာဉ်စက်နှိုးချိန်၌ လေယာဉ်၏ ယာဘက် အင်ဂျင်ပန်ကာ မလည်သဖြင့် ခရီးစဉ်အား ဖျက်သိမ်းကာ ရန်ကုန်မှ အင်ဂျင်နီယာများ လာရောက်ပြုပြင် ခဲ့ရသည်ဟု သိရသည်။

Myanmar National Airlines ၏ပြည်တွင်း၌ ပြေးဆွဲနေသော လေယာဉ်များမှာ ယခုလပိုင်းအတွင်း မကြာခဏ စက်ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ရန်ကုန်-ထားဝယ် ခရီးစဉ်ကို ပျံသန်းနေစဉ် လမ်းတစ်ဝက်အရောက်၌ လေယာဉ်၏ အဲကွန်းစနစ် ချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ဆင်းသက် ခဲ့ရသည့်အပြင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း ခရီးစဉ်အမှတ် UB301 ဖြင့် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ပျံသန်းလာစဉ် လမ်းတစ်ဝက်၌ လေယာဉ်စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့၍ ရန်ကုန်မြို့သို့ပြန်လည်ဆင်းသက် ခဲ့ရကြောင်း သိရသည်။