တောင်ကြီး မိုးကုတ်တရားစခန်းတွင် တရားစခန်းဝင်ရောက်သူ ယခင်နှစ်ကထက် လျော့နည်းပြီး လူငယ်လူရွယ် အများဆုံး ဝင်ရောက်

တောင်ကြီး မိုးကုတ်တရားစခန်းတွင် တရားစခန်းဝင်ရောက်သူ ယခင်နှစ်ကထက် လျော့နည်းပြီး လူငယ်လူရွယ် အများဆုံး ဝင်ရောက်
Published 14 April 2018

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင်ရှိသော မိုးကုတ် ဝိပဿနာ တရားစခန်းတွင် ယခုနှစ် ၂၀၁၈ ခုနှစ် သြင်္ကန်တွင်း ပိတ်ရက် ၅ ရက်သာ ရရှိသဖြင့် ယခင်နှစ်ကထက် လေးပုံတစ်ပုံ လူလျော့နည်းခဲ့ပြီး၊ စုစုပေါင်း ယောဂီဦးရေ ၅၈၄ ဦးတွင် လူငယ် လူရွယ် အများဆုံး ဝင်ရောက်ခဲ့ကြောင်း မိုးကုတ်တရားစခန်း အလုပ်အမှုဆောင် အဖွဲ့ထံမှ သိရသည်။

တောင်ကြီးမိုးကုတ် ဝိပဿနာစခန်းတွင် ယခင်နှစ် ၂၀၁၇ ခုနှစ် သြင်္ကန်ကာလတွင်း လူဦးရေပေါင်း ၈၀၀ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ် ယောဂီ ဦးရေ ၅၈၄ ဦးသာ ဝင်ရောက်ခဲ့သဖြင့် လေးပုံသုံးပုံသာ ဝင်ရောက်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ လူငယ်လူရွယ်များ အများစုဖြစ်ကြောင်း သိရသည်။

အဆိုပါ သြင်္ကန်ကာလတွင်း တရားစခန်းကို ဧပြီလ ၇ ရက်မှ စတင်လက်ခံခြင်းဖြစ်ပြီး၊ အနည်းဆုံး ၁၀ ရက် အပြည့် နေနိုင်မှသာ တရားစခန်းသို့ ဝင်ရောက်နိုင်မည့် စည်းကမ်းချက်ကြောင့်၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများတို့သည် ခွင့်ရက်မရသောကြောင့် တရားစခန်း ဝင်နိုင်ခြင်း မရှိသည့် အတွက် ယခုနှစ် လူနည်းပါးခြင်းဖြစ်ကြောင်း၊ တောင်ကြီးတွင် အခြားသော တရားစခန်း ၅ ခု သည်လည်း လူဦးရေ တိုးချဲ့လက်ခံလာနိုင်သဖြင့်လည်း ဖြစ်ကြောင်း တောင်ကြီး မိုးကုတ် ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ် (၂၅) ၏ အတွင်းရေးမှူးဖြစ်သူ ဦးညွန့်ဝင်းက ပြောသည်။

“ဝါထပ်နှစ်ဆိုရင် တရားစခန်းပွဲ ဆယ်ပွဲကျင်းပပါတယ်။ ဝါမထပ်နှစ်ဆိုရင် တရားစခန်းပွဲ ၉ ပွဲ ကျင်းပပါတယ်။ ဒီနှစ်က ဝါထပ်တဲ့အတွက်ကြောင့် တရားစခန်းပွဲ ဆယ်ပွဲ ကျင်းပပြုလုပ်တဲ့အတွက်ကြောင့် နည်းနည်းလေး ရက် ကြပ်သွားတာဖြစ်ပါတယ်။ ဧပြီလ ၆ ရက်မှာ ယောဂီအရောက်၊ ၇ ရက်နေ့မှာစခဲ့တာ ဒီနေ့ဆိုရင် ၈ ရက်မြောက် နေ့ဖြစ်ပါတယ်။ ရှေ့မှာ ဈေးကလည်း မပိတ်တဲ့ အတွက်ကြောင့် ဈေးသူဈေးသားများလည်း အခါရှေ့ဈေး ဆိုတော့ တရားစခန်း မဝင်နိုင်ပါဘူး။ ဝန်ထမ်းများကလည်း ရုံးဖွင့်ရက် ၅ ရက်ပဲ ရတဲ့အတွက် ဒီ်စခန်းပွဲနဲ့ ဆိုရင် ၄ ရက်ပဲ လာညှိပါတယ်။ စခန်းပွဲကလည်း မူအရ ဆယ်ရက်စခန်းပွဲဖြစ်တဲ့အတွက်ကြောင့် လေးငါးရက်နဲ့ လက်မခံတဲ့အတွက် ရှေ့နှစ်တုန်းကလို ယောဂီမ များပါဘူး။ ယောဂီ ၅၈၄ ဦး ပဲ တရားဝင်နိုင်ပါတယ်” ဟု တောင်ကြီး မိုးကုတ် ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ် (၂၅) ၏ အတွင်းရေးမှူး ဖြစ်သူ ဦးညွန့်ဝင်းက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် မိုးကုတ် ဝိပဿနာ တရားစခန်းခွဲပေါင်း ၁၃ ခု ရှိပြီး၊ အဓိကအားဖြင့် မိုးကုတ် တရားဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေး တို့ကိုသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် မိုးကုတ်ပိပဿနာ တရားစခန်း၊ မဟာစည်တောစခန်းသာ တရားရိပ်သာ၊ ရှမ်းပိဋကတ် ကမ္မဌာန်းကျောင်း၊ ပညာဗောဓိ တရားရိပ်သာနှင့် စွန်းလွန်း ဝိပဿနာ ရိပ်သာ တရားရိပ်သာ စသည့် တရားစခန်း ၅ ခု ရှိပြီး၊ အေးသာယာမြို့တွင် ချမ်းမြေ့ ဝိပဿနာ တရားရိပ်သာ ဆိုပြီး တရားစခန်းများ ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent