တောင်ငူမြို့၊ ထီးလှိုင်လမ်းမကြီးပေါ်တွင် သြင်္ကန်လည်ပတ်ကြသူချင်း အဖွဲ့လိုက် ခိုက်ရန်ဖြစ်ပွား

တောင်ငူမြို့၊ ထီးလှိုင်လမ်းမကြီးပေါ်တွင် သြင်္ကန်လည်ပတ်ကြသူချင်း အဖွဲ့လိုက် ခိုက်ရန်ဖြစ်ပွား
Published 14 April 2018

သြင်္ကန်အကျနေ့ နံနက်ပိုင်းက တောင်ငူမြို့ ထီးလှိုင်လမ်းမကြီးပေါ်တွင် သြင်္ကန်လည်ပတ်ကြသူချင်း အဖွဲ့လိုက် ရိုက်နှက်မှု ဖြစ်ပွား၍ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြင်္ကန်လည်ကြသူချင်း ခိုက်ရန်ဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ “အခြေအနေကတော့ သူတို့က တစ်နေရာမှာ ငြိလာတဲ့ သဘောရှိတယ်၊ ဒီနားပတ်ဝန်းကျင်တွေကိုမေးလို့ သိရတာ ရှေ့ကရိုက်သွားတဲ့ ဖောကားက ဒီနားက စတုဒိသာမှာ ထမင်းဝင်စားတာ၊ နောက်က ဆိုင်ကယ်သမားနဲ့အဖွဲ့က လိုက်ပြီးရန်ရှာတော့မှ ဖောကားသမားတွေနဲ့ ဆိုင်ကယ်သမားတွေနဲ့ ရန်ဖြစ်ကြတာလို့ သိရတယ်” ဟု အမှတ် ၂ နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၄ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်ခန့်က တောင်ငူမြို့မှ အမြန်လမ်းမကြီးပေါ်သို့ ဆက်သွယ်ထားသည့် ထီးလှိုင်လမ်းမကြီးပေါ်တွင် လူ ၂၀ ဦးခန့် ပါသည့် ယာဉ်မောင်း (အမည်နေရပ်လိပ်စာ စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ် နံပါတ်မပါ FORLAND အမျိုးအစား အနီရောင် ဖောကားမှာ တောင်ငူမြို့တွင်းမှ သြင်္ကန်လည်ပတ်၍ ထွက်ခွာလာပြီး ငွေဆောင်ဟိုတယ်အနီး စတုဒိသာမဏ္ဍပ်တွင် ထမင်းစတုဒိသာစားရန် ရပ်နားခဲ့ကြောင်း သိရသည်။

ထိုသို့ ရပ်နားစဉ် အမည်မသိလူငယ်များ စီးလာသော သြင်္ကန်လည်ပတ်သည့် ဆိုင်ကယ်စီးလူငယ်အဖွဲ့ ၁၀ စီးခန့် (အမည်နေရပ်လိပ်စာ စုံစမ်းဆဲ) တို့မှာ နောက်မှရောက်ရှိလာခဲ့ပြီး စတုဒိသာစားရန် ရပ်နားနေသော ဖောကားအဖွဲ့မှ သြင်္ကန်လည်ပတ်ကြသူများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ခိုက်ရန် ဖြစ်ပွားပြီးနောက် ဖောကားယာဉ်မှ သြင်္ကန်လည်ပတ်ကြသူများက ၎င်းတို့တွင် ပါလာသော တုတ်များ၊ ဓါးလက်နက်များဖြင့် ဆိုင်ကယ်စီးလာသော လူငယ်အဖွဲ့အား ရိုက်နှက်ခြင်း၊ ငွေဆောင်ဟိုတယ်ရှေ့ သစ်ပင်များအား ရိုက်နှက်ဖျက်စီးခြင်းတို့အပြင် ဆိုင်ကယ်များအား ရိုက်နှက်ဖျက်စီးခဲ့ကြောင်း၊ ရိုက်နှက်မှု ဖြစ်ပွားပြီးနောက် ဆိုင်ကယ်စီးလာသော လူငယ်အဖွဲ့မှာ ထီးလှိုင်လမ်းအတိုင်း မြို့အဝင်ဘက်သို့ ထွက်ပြေးကာ ဖောကားနှင့် ယာဉ်ပေါ်ပါ သူများမှာလည်း တောင်ငူမြို့ အပြင်ဘက်သို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း၊ ရိုက်နှက်မှုများကြောင့် ဆိုင်ကယ်စီးလာသ ူလူငယ်များ၏ ဆိုင်ကယ်အချို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွား၍ ဖောကားယာဉ်ပေါ် ပါရှိသူ အချို့တွင် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့ကြောင်း၊ ဖောကားယာဉ်ပေါ်ပါသူများ ကိုင်ဆောင်သည့်ဓါး၏ ဓါးအိမ်လည်း ကျန်ရစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သြင်္ကန်လည်ပတ်ကြသူချင်း ခိုက်ရန်ဖြစ်ပွားသည့် နေရာသို့ တောင်ငူမြို့ အမှတ် ၂ နယ်မြေရဲစခန်းမှ ဒုရဲအုပ် နေဝင်းထွန်း ဦးစီးတပ်ဖွဲ့ဝင်များမှ ဧပြီ ၁၄ ရက် နေ့လည် ၁၂ နာရီခန့်တွင် လာရောက်စစ်ဆေး၍ ထီးလှိုင်လမ်းမပေါ်တွင် ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဖောကားယာဉ်နှင့် ဆိုင်ကယ်သမားများအား လိုက်လံစစ်ဆေး စုံစမ်းလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent