မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မုံရွာချင်းတွင်းသြင်္ကန်တွင် ပြသထားသည့် သဲပန်းပုရုပ်တုအချို့ ထိခိုက်ပျက်ဆီး

မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မုံရွာချင်းတွင်းသြင်္ကန်တွင် ပြသထားသည့် သဲပန်းပုရုပ်တုအချို့ ထိခိုက်ပျက်ဆီး
Published 14 April 2018

ဧပြီ ၁၃ ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ချင်းတွင်းသဲသောင်ပြင်တွင် ၇ ရက်ကြာ ကျင်းပပြုလုပ်နေသည့် ချင်းတွင်းသြင်္ကန်တွင် ထည့်သွင်းပြထားသည့် သဲပန်းပုရုပ်တုအချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

သဲပန်းပုရုပ်များပေါ်တွင် မိုးစက်များ ကျရောက်ခဲ့မှုကြောင့် မူလလက်ယာများ ပျက်ဆီးသွားခဲ့ပြီး အချို့သဲပန်းပုရုပ်များသည် ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားခဲ့ကြကြောင်း ထို့အပြင် ဧပြီ ၁၃ ရက်နေ့က ကပြဖျော်ဖြေနေသည့် ဗဟိုမဏ္ဍပ်လည်း ယာယီရပ်နားခဲ့ကြောင်း ဆက်လက် သိရသည်။

ယင်းအပြင် ချင်းတွင်းသြင်္ကန်မုဒ်ဦးတွင် ချိတ်ဆွဲထားသည့် ဗီနိုင်းများ၊ စတုဒီတာမဏ္ဍပ်များ၊ စတိတ်ရှိးစင်များ၊ ဈေးသည်များ၏ ယာယီတဲများ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ယာယီနေထိုင်ကြသည့် မိုးကာတဲများမှာလည်း အမိုးလန် လေထဲသို့ လွှင့်စင်သွားခြင်း ပြိုကျခြင်း ကျိုးကျခြင်းများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီ ၁၄ ရက်နေ့ သြင်္ကန်အကျနေ့တွင် ပျက်ဆီးသွားသည့် စတုဒီတာမဏ္ဍပ်များ၊ စတိတ်ရှိးစင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ယာယီနေထိုင်သည့် မိုးကာတဲများအား ပြန်လည်ပြုပြင်နေကြပြီး ယနေ့ ၈ နာရီကျော်အထိ ဖျော်ဖြေများနှင့် ရေကစားခြင်းများ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မုံရွာချင်းတွင်းသြင်္ကန်အား ဧပြီ ၁၁ ရက်နေ့မှ ဧပြီ ၁၇ ရက်နေ့ထိ ၇ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းသြင်္ကန်တွင် ပြခန်းဇုန်၊ ကလေးငယ်များ အားကစားကွင်းဇုန်၊ ရေကစားမဏ္ဍပ်များဇုန်၊ သဲပန်းပုအနုပညာပြခန်းဇုန်နှင့် နားနေစားသောက် အပန်းဖြေဇုန် ငါးခုကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

 

Most Read

Most Recent